Home
မြန်မာသတင်း
YBS နှင့်ပတ်သက်၍ တိုင်ကြားနိုင်မည့်စနစ်အပေါ် တာဝန်ရှိသူများ တုံ့ပြန်မှု အားနည်း
ပိုင်စိုး
·
January 20, 2018
YBS နဲ့ ပတ်သက်တဲ့ အဆင်မပြေတာတွေကို တိုင်ကြားသတင်းပို့နိုင်မယ့် စနစ်ကို စေတနာ့ဝန်ထမ်းတချို့က ဆောင်ရွက်ပေးထားပေမယ့် တာဝန်ရှိသူတွေ တုံ့ပြန်တာ အားနည်းလွန်းတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။ Yangon Bus Report ဆိုတဲ့ ဝက်ဘ်ဆိုဒ်ကို ကူညီသူတွေက ရေးဆွဲထားပြီး YBS တာဝန်ရှိ ကုမ္ပဏီတွေ ဝင်ရောက် တိုက်ရိုက်အကြောင်းပြန်နိုင်အောင် စီစဉ်ပေးထားပေမယ့် ၇ ခုပဲ ဝင်ရောက် လာသေးတယ်လို့ ဆိုပါတယ်။ ကူညီဆောင်ရွက်ပေးနေတဲ့ ပြင်ပေးပါအဖွဲ့ရဲ့ ခေါင်းဆောင် ကိုစိုးသီဟနောင်က “မနေ့ကအထိ ကုမ္ပဏီ ၇ ခုပဲ ဝင်လာသေးတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ကတည်းက သူတို့ကို ပတ်စ်ဝပ်တွေ ပေးထားသလို YBS စီအီးအိုကိုလည်း အကြောင်းကြားထားပါပြီ။ ဒါဟာ ပြည်သူတွေနဲ့ တိုက်ရိုက်ဆက်သွယ်လို့ရမယ့် နေရာတခုပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြီးတော့ ဇန်နဝါရီ ၁ ရက်ကနေ ၁၉ ရက်နေ့အထိ တိုင်ကြားအကူအညီတောင်းတာ ၇၇ မှုရှိပြီး တုံ့ပြန်ဆောင်ရွက်တာက ၂၂ ခုပဲ ရှိပါတယ်။ Yangon Bus Report ဆိုတဲ့ အပလီကေးရှင်းကို ပြင်ပေးပါအဖွဲ့က ရေးဆွဲပေးထားပြီး အဲဒီမှာ YBS ခရီးသွားများ၏အသံ ဖေ့စ်ဘွတ်ခ်ဂရုပ်နဲ့ YBS Complaint Center တွေက တိုင်ကြားချက်တွေ ကိုလည်း စုစည်းဖော်ပြထားပါတယ်။ ရန်ကုန်ဘတ်စ်ကားစနစ်ပြောင်းလဲပြီး နောက်နေ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်ကစပြီး မိုဘိုင်းဖုန်းမှာ သုံးနိုင်တဲ့ App ကို ဖြန့်ချိခဲ့တာပါ။ အခုအခါမှာတော့ တင်ပြလာတဲ့အကြောင်းအရာ တခုချင်းအပေါ်မှာ တခြားသူတွေက ကူညီဖို့၊ ပြုပြင်ဖို့၊ အကြောင်းပြန်ဖို့နဲ့ အရေးယူဖို့ စတဲ့အချက်တွေကို မဲပေးတောင်းဆိုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ လက်ရှိမှာ အပလီကေးရှင်းကို အသုံးပြုသူပေါင်း ၁၂၂၀၀ ကျော်ပြီလို့ ကိုစိုးသီဟနောင်က ပြောပါတယ်။ ပြီးတော့ တိုင်ကြားမှုပေါင်း ၄၇၀၀ ကျော်ရခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ၆ လထက် အရေအတွက် တထောင်လောက်ပဲ တိုးလာခဲ့တာပါ။ “တိုင်ကြား တင်ပြတာတွေကို အရေးတယူမလုပ်တော့ တိုင်တာ နည်းလာပါတယ်။ YBS စီအီးအို အနေနဲ့လည်း ကုမ္ပဏီတွေကို တုံ့ပြန်တာ အားကောင်းလာအောင် တွန်းအားပေးစေချင်ပါတယ်” လို့ ကိုစိုးသီဟနောင်က ပြောပါတယ်။ ဒီ သုံးလအတွင်းမှာ တိုင်ကြားခံရတာ အများဆုံးကတော့ ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီနဲ့ ပါဝါအလဲဗင်းတို့ ပူးပေါင်းပြေးဆွဲနေတဲ့ အမှတ် ၂၁ ယာဉ်လိုင်းဖြစ်ပြီး၊ သူ့နောက်မှာ ၁၆၊ ၆၁၊ ၁၅ နဲ့ ၄၂ တို့ ဖြစ်ပါတယ်။ တုံ့ပြန်တာ အားအကောင်းဆုံးကတော့ အမှတ် ၃၂ ယာဉ်လိုင်း ဖြစ်ပါတယ်။ ဒီ အပလီကေးရှင်းကို Play Store မှာ Yangon Bus Report လို့ရှာကာ သုံးစွဲနိုင်ပြီး အိုင်ဖုန်းတွေမှာလည်း သုံးစွဲလို့ရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024