အဂတိလိုက်စားမှုကို ၀ိုင်းဝန်းတိုက်ဖျက်ကြရန် ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

epa06455361 Pope Francis (R) and Peruvian President, Pedro Pablo Kuczynski (2-L), participate in an official event at Government Palace in Lima, Peru, 19 January 2018. The Pope is in Peru for a three day visit. EPA-EFE/ERNESTO ARIAS
1.6K
ပီရူးနိုင်ငံကို အလည်အပတ် ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အဂတိလိုက်စားမှုကို ၀ိုင်းဝန်း တိုက်ဖျက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အဂတိလိုက်စားမှုဟာ အားလုံးဆီကို ကူးစက်နိုင်တဲ့ လူမှုရေး ဗိုင်းရပ်စ်ပိုးပဲလို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
လာဘ်စားမှုနဲ့ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေအတွက် ထောင်ချခံထားရတဲ့ အာဏာရှင်ခေါင်းဆောင်ဟောင်းကို ပီရူး သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးအပြီး တလအကြာမှာ ခုလို တိုက်တွန်း ဆော်သြလိုက်တာပါ။
အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းဖို့ ပြည်သူ့ကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းသာမက ခရစ်ယာန် ဘုရားကျောင်း လူ့အဖွဲ့အစည်းပါ မကျန် နေရာတိုင်းမှာ ပွင့်လင်းမြင်သာမှု ပိုရှိတဲ့ ယဉ်ကျေးမှုတရပ် တည်ဆောက်ဖို့ လိုတယ်လို့ ပုပ်ရဟန်း မင်းကြီးက ပြောပါတယ်။
လက်တင် အမေရိကရဲ့ ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်တဲ့ ဖရန်စစ်ဟာ အရင် ခရီးစဉ်တွေတုန်းကလည်း အဂတိလိုက်စားမှုကို ပြစ်တင်ရှုတ်ချဖူးပါတယ်။
ဒါပေမယ့် ကျော်မကောင်း ကြားမကောင်းမှုတွေနဲ့ ငြိစွန်းနေတဲ့ ပီရူးသမ္မတနဲ့ အတူထိုင်ရင်း ပြောဆိုခဲ့တာပါ။
ဘရာဇီး၊ အာဂျင်တီးနားနဲ့ မက်ဆီကို စတဲ့ လက်တင်အမေရိကနိုင်ငံတွေဟာ ဒေါ်လာ ဘီလျံချီတဲ့ အဂတိလိုက်စားမှုတွေနဲ့ ကျော်မကောင်း ကြားမကောင်း ဖြစ်မှုတွေ ပွန်းတီး အမြစ်တွယ်နေတာပါ။
သမ္မတကတော့ ပုပ်ရဟန်းမင်းကြီးရဲ့ စကားကို ကြိုဆိုခဲ့ပါတယ်။ ပီရူးနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ် ၃၀ ကတည်းက ဒဏ်ရာတွေကို ကုသနေဆဲဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာမှုအတွက် တွန်းအား ပေးခဲ့တယ်လို့ သူက ပြောခဲ့ပါတယ်။