ကား ၂၅ စီး မီးတင်ရှို့မှုဖြင့် အိန္ဒိယဆရာဝန်ကို ဖမ်းဆီး

1.4K
အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်မှာ ကား ၂၅ စီးကို မီးတင်ရှို့ခဲ့လို့ ဆရာဝန်တဦးကို ဖမ်းဆီးလိုက်ပါတယ်။
ဒေါက်တာ အာမိ့ဂိုင်ဝက်ဒ် ဆိုင်ကယ်ဦးထုတ်ဆောင်းပြီး အဆောက်အအုံတွေထဲ ဝင်ခဲ့တဲ့ စောင့်ကြည့်ရုပ်သံတွေကို ရဲတွေက တွေ့ရှိသိမ်းဆည်းမိပြီး ဒါက အစွဲအလမ်းကြီးတာလား၊ စိတ်ရောဂါဝေဒနာလားဆိုတာ မကွဲပြားဘူးလို့ ရဲတွေက ဘီဘီစီသတင်းကို ပြောပါတယ်။
မီးတင်ရှို့ခံရတဲ့ ကားတွေထဲက ၁၃ စီးက ဒေါက်တာဂိုင်ဝက်ဒ်နဲ့ အဆက်အစပ်မရှိတဲ့ ဆရာဝန်တွေ ပိုင်ဆိုင်တဲ့ ကားတွေဖြစ်ပြီး ဒီဆရာဝန်တွေကလည်း ရောဂါဗေဒ လက်ထောက်ပရော်ဖက်ဆာအဖြစ် လုပ်ကိုင်နေတဲ့ ဒေါက်တာဂိုင်ဝက်ဒ် နေထိုင်ရာ ခရိုင်ကမဟုတ်ဘဲ အခြားခရိုင်မှာ နေထိုင်တဲ့ ဆရာဝန်တွေလို့ ရဲက ပြောပါတယ်။
တယောက်နဲ့တယောက် အပြိုင်အဆိုင်သဘော တင်းမာမှုတွေလည်း မရှိဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။
“အလုပ်အရ ပြောမယ်ဆိုရင် သူက တော်တဲ့ဆရာ တယောက်ပါ။ သူ အလုပ် လုပ်နေတဲ့ ရုံးကလူတွေအားလုံး အံ့သြထိတ်လန့်ကုန်တယ်” လို့ ရုံးက အရာရှိတဦးက ပြောပါတယ်။
အသက် ၃၇ နှစ်အရွယ် ဒေါက်တာဂိုင်ဝက်ဒ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က လုံခြုံရေးတွေက ဖမ်းမိခဲ့တာပါ။
အဲဒီတနေ့တည်းမှာပဲ သူကား ၁၀ စီးကို မီးတင်ရှို့ခဲ့တယ်လို့ ရဲတွေက ပြောလိုက်ပြီး ဒါ့အပြင် ပြည်နယ်ထဲက ခရိုင် ၂ ခုမှာ သီးခြားဖြစ်ခဲ့တဲ့ အခြားကား ၁၅ စီး မီးတင်ရှို့မှုမှာလည်း သူ့ကိုပဲ သံသယဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ကား ၁၅ စီး မီးတင်ရှို့မှုက ဇန်နဝါရီလ ၁၄ နဲ့ ၁၅ ရက်တွေမှာ ဖြစ်ခဲ့တာလို့ ရဲတွေက ယူဆနေကြပါတယ်။
ဒေါက်တာဂိုင်ဝက်ဒ်က ကားရဲ့လေဝင် လေထွက်ပေါက်နားမှာ ပရုတ်သုံးပြီး မီးရှို့ခဲ့တာ၊ အဲလိုမီးရှို့တာက ကားအတွင်းထဲမှာရှိတဲ့ ဝါယာတွေကတဆင့် မီးကဖြတ်သွားပြီး ကားအင်ဂျင်ထိရောက်ကာ မီးလောင်ပျက်စီးမှုဖြစ်စေတာလို့ ရဲတွေက ပြောပါတယ်။
သူ့ကို မီးရှို့မှုနဲ့ တရားစွဲထားပြီး အချုပ်ထဲမှာ စစ်ဆေးမေးမြန်းနေတယ်လို့ ရဲတွေက ပြောကြောင်း ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။