သွားတိုက်ဆေးတွင်ပါဝင်သည့် ထရိုင်ကလိုဆန်ကို ငှက်ဖျားဆေးထုတ်လုပ်မှုတွင် အသုံးပြုနိုင်

1.2K
သွားတိုက်ဆေးမှာပါတဲ့ ထရိုင်ကလိုဆန် ဓာတုပစ္စည်းကို ဆေးမတိုးတဲ့ငှက်ဖျားပိုး တိုက်ဖျက်ဆေးထုတ်လုပ်ရာမှာသုံးနိုင်တယ်လို့ ဗြိတိန်နိုင်ငံ၊ ကိန်းဘရစ်တက္ကသိုလ် ဆေးသုတေသီတွေက ပြောကြားလိုက်ပါတယ်။
သုတေသီတွေဟာ ဉာဏ်ရည်တုထည့်ထားတဲ့စက်ရုပ်ကိုသုံးပြီး သုတေသန လုပ်ခဲ့ကြ တာပါ။ ထရိုင်ကလိုဆန်ဟာ ငှက်ဖျားပိုးကူးခံရချိန် အရေးအကြီးဆုံးဖြစ်တဲ့ အသည်းနဲ့သွေးထဲ ပိုးရောက်တဲ့အဆင့်ကို ဟန့်တားနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ထရိုင်ကလိုဆန်ဟာ ငှက်ဖျားပိုးရဲ့ မတူညီတဲ့အင်ဇိုင်းတွေကို ထိန်းချုပ်တိုက်ဖျက်နိုင်တာကို ကိန်းဘရစ်တက္ကသိုလ် ဇီဝဓာတုဌာနက တွေ့ရှိခဲ့တာပါ။
ငှက်ဖျားပိုးဟာ ပိုးသယ်တဲ့ခြင်ကိုက်တာ ခံရသူရဲ့အသည်းထဲ ရောက်ပြီး အရှိန်ယူ မျိုးပွားပါတယ်။ အဲဒီနောက် သွေးနီဥဆဲလ်တွေ ကနေတဆင့် ခန္ဓာကိုယ်အနှံ့ဝင်ပြီး ဖျားနာတာနဲ့ အသက်ခြိမ်းခြောက်နိုင်တဲ့အဆင့်ထိ ရောက်အောင် ပြန့်ပွားတာပါ။
ငှက်ဖျားကြောင့် နှစ်စဉ် လူ ၅ သိန်းနီးပါးသေဆုံးနေပြီး အများစုဟာ အာဖရိကတိုက် ဆင်းရဲတဲ့နိုင်ငံတွေက ကလေးတွေလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဆေးမတိုးငှက်ဖျား ကူးစက်မှုပိုတိုးလာနေလို့ အနာဂတ်မှာ တချို့ငှက်ဖျားမျိုးစိတ်တွေဟာ မကုသနိုင်တဲ့အဆင့်ကို ရောက်ကောင်း ရောက်သွားမှာကို စိုးရိမ်နေကြတာပါ။
ဒါကြောင့် ဆေးသစ်တွေကိုရှာတွေ့ဖို့ အရေးပေါ်လိုအပ်နေတယ်လို့ သုတေသနကို ပူးတွဲဦးဆောင်သူပညာရှင် စတိဗ်အိုလီဗာက ပြောပါတယ်။