ပုသိမ်ကမ်းနားဈေးက ငါးပိတမျိုးတွင် ခွင့်မပြုဆိုးဆေး တွေ့ရှိ
သော်ဇင်မျိုး
·
January 19, 2018
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားဈေးက စားသောက်ကုန်တွေကို ဒီကနေ့ မနက်ပိုင်းမှာ အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန FDA က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။
ဈေးထဲမှာ ရောင်းချနေတဲ့ ငါးပိနှစ်မျိုးကို စစ်ဆေးရာမှာ တမျိုးမှာ ဘာမှမတွေ့ဘဲ တမျိုးမှာတော့ စားသုံးရန်မသင့်တဲ့ Rhodamine -B ဆိုးဆေး သုံးစွဲထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဧရာဝတီတိုင်း FDA က လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးထွန်းကျော်က ပြောပါတယ်။
ရောင်းချသူကို စစ်ဆေးတဲ့အခါမှာ ပုသိမ်မြို့မဈေးက ဆိုင်တဆိုင်ကနေ ဝယ်ယူ ရောင်းချတာလို့ ဆိုတာကြောင့် ပုသိမ်မြို့မဈေးအတွင်း ငါးပိနာမူနာ တချို့ကောက်ယူပြီး ဓာတ်ခွဲ စစ်ဆေးနေပါတယ်။
ပုသိမ်ဈေးထဲက ခေါက်ဆွဲဖတ် မုန့်ဖတ်တွေ၊ ပဲပြား၊ ကြက်သွေး၊ ဘဲသွေးတွေကို စစ်ဆေးတာမှာတော့ အရင်ကတွေ့ရှိခဲ့တဲ့ ဖော်မလင်ကို လုံးဝမတွေ့ရတော့ဘူးလို့ ဆိုပါတယ်။