Home
မြန်မာသတင်း
လိင်ဆက်ဆံဖော်အရုပ်များဖြင့် ရိုက်ကူးနေသည့် ရုပ်ရှင်ကို ထိုင်းရဲတားမြစ်
DVB
·
January 19, 2018
ထိုင်းနိုင်ငံမှာ လိင်ဆက်ဆံဖော်အရုပ်တွေ၊ လိင်ဆက်ဆံမှု အထောက်အကူပြုပစ္စည်းတွေ အသုံးပြုရိုက်ကူးနေတဲ့ ရုပ်ရှင်ရိုက်ကွင်းကို ဘန်ကောက်ရဲတွေက ရပ်ဆိုင်းဖို့ တားမြစ်ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ပတ္တယားအခြေစိုက် ရုပ်ရှင်ကုမ္ပဏီဟာ ခေါင်ဆန်လမ်းမပေါ်မှာ ဒီရိုက်ကွင်းကို  တည်ခဲ့တာဖြစ်ပြီး ဘီကီနီဝတ်သရုပ်ဆောင်အမျိုးသမီးတွေနဲ့ လိင်အထောက်အကူပြု ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တန်းအသွင် ဖန်တီးရိုက်ကူးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ နယ်မြေ ၁ မြို့တော်ရဲတပ်ဖွဲ့က ကုမ္ပဏီကိုယ်စားလှယ်တွေဟာ ဇန်န၀ါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ သူတို့အနေနဲ့ Bhag Jayegi Return (2018) အမည်ရတဲ့ အိန္ဒိယ ရုပ်ရှင်ကားတကားကို ရိုက်ကူးသွားချင်တဲ့အကြောင်း ခွင့်ပြုချက်တောင်းခံခဲ့တယ်လို့ ဆို ပါတယ်။ ရုပ်ရှင်အဖွဲ့တွေဟာ ၁၇ ရက်နေ့နဲ့ ၁၈ ရက်နေ့ ၂ ရက် မနက် ၇ နာရီကနေ ည ၈ နာရီထိ အဆိုပါလမ်းမပေါ်မှာ ရိုက်ကူးသွားမှာဖြစ်ပြီး ဒီရုပ်ရှင်ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်နိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပြီး ခွင့်ပြုချက်တောင်းခဲ့ကြတာလို့ ဆိုပါတယ်။ ဒါပေမယ့် ခုလိုရိုက်ကွင်းပေါ်မှာ လိင်ဆက်ဆံဖော်အရုပ်တွေ၊ လိင်ဆက်ဆံမှု အထောက်အကူပြုပစ္စည်းတွေ အသုံးပြုရိုက်ကူးနေတယ်လို့ သတင်းပေးတိုင်ကြားမှုရခဲ့ပြီး နောက်မှာတော့ ရဲတွေက ဒါကို ရပ်ဆိုင်းလိုက်ဖို့ သွားရောက်တားမြစ်ခဲ့ရတာပါ။ ဒါပေမယ့် ခုလိုရိုက်ကူးနေတဲ့ မြင်ကွင်းပုံရိပ်တွေကတော့ အင်တာနက်လူမှုကွန် ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ လုပ်နေကြတာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းဦးစီးဌာနရဲ့ အင်တာနက်ဝက်ဆိုဒ်စာမျက်နှာပေါ်မှာတော့ ရုပ်ရှင် ကုမ္ပဏီရဲ့ အမည်ကို အင်ဒိုဘန်ကောက်ရုပ်ရှင်ကုမ္ပဏီလို့ ဖော်ပြထားပြီး အများပြည်သူကြား အမြင်မသင့်တော်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စေမှုတွေနဲ့ တရားစွဲဆိုခံရနိုင်ကာ ထောင်ဒဏ် ၃ နှစ်ထိဖြစ်စေ၊ ထောင်ဒဏ်နဲ့ ဒဏ်ကြေးငွေဘတ် ၆ သောင်းထိဖြစ်စေ ကျခံ အရေးယူ ခံရနိုင်တယ်လို့ ဆိုပါတယ်။ ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားတာကတော့ ဒီရုပ်ရှင်ကုမ္ပဏီဟာ အိန္ဒိယပရိသတ် တွေအတွက် ရည်ရွယ်တည်ထောင်ထားတာဖြစ်ပြီး တည်ထောင်သူနဲ့ အမူဆောင်အရာရှိ ချုပ်ကတော့ ဒီလ်ဘာဆင်း ဆာနီဖြစ်တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကားဟာ ၂၀၁၁ ခုနှစ်မှာ ဒီနာမည်နဲ့ပဲ ရိုက်ကူးထားခဲ့တဲ့ ရုပ်ရှင်ကားရဲ့ အဆက်ဖြစ်ကာ အိန္ဒိယသရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ ဆွန်နက်ခ်ရှီဆင်ဟာနဲ့ ဒိုင် ယာနာပဲန်တီတို့ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024