မြောက်ဦး ဖြစ်စဉ်တွင် သေဆုံးသွားသူများတွက် ၁ ဦးလျှင် ကျပ် ၅ သိန်း ထောက်ပံ့ငွေပေးအပ်
DVB
·
January 19, 2018
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ရဲလုံခြုံရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ အရပ်သား ၇ ဦးအတွက် ပြည်နယ်အစိုးရက တဦးကို ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ငွေ ပေးအပ်လိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရ၊ မြို့နယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဇန်နဝါရီ ၁၈ ရက် မနက်က တွေ့ဆုံပြီးနောက် ထောက်ပံ့ငွေတွေ ပေးအပ်လိုက်တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက သေဆုံးသူ ခုနစ်ဦးအတွက် တဦးကို ငွေကျပ် ငါးသိန်းနှုန်းနဲ့ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၃၅ သိန်းကို တောင်ရပ်အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းဆီကို ပေးအပ်ခဲ့ပြီး ထောက်ပံ့ငွေတွေကို တောင်ရပ်အုပ်ချုပ်ရေးမှူးက သေဆုံးသူ မိသားစုဝင်တွေဆီကို ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးမြို့မှာ စာပေဟောပြောပွဲ ကျင်းပခွင့် မရတာကို အကြောင်းပြုပြီး ဇန်နဝါရီ ၁၆ ရက်ညက လူစုလူဝေးနဲ့ ဆန္ဒပြပွဲဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ-ကြေးမုံ