ထိုင်းမူးယစ်ဆေးကွင်းဆက် စစ်ဆေးမှုအတွင်း သေနတ် ၂၁ လက် တွေ့ရှိ

1.3K
မူးယစ်ဆေးဝါး ကွင်းဆက်ခေါင်းဆောင် သံသယရှိသူ ဂျီရက်ပန်စိုဖွန်ဝှစ်ခ်ျ ခေါ် အိ့က်အိုဝန်ရဲ့ ယောက်ဖပိုင် ဘန်ကောက်အိမ်မှာ ဇန်နဝါရီ ၁၇ ရက်နေ့က ရှောင်တခင် စစ်ဆေးမှုအတွင်း ရဲတွေက သေနတ် ၂၁ လက် တွေ့ခဲ့တယ်လို့ သိရပါတယ်။
ရဲတွေက မစ္စတာဂျီရက်အတွက် ငွေကြေးခဝါချပြီး လွှဲပြောင်းပေးမှုမှာ ပါဝင်တယ်လို့ ယူဆတဲ့ ယောက်ဖဖြစ်သူ ထဝီဆက်ရဲ့ ဖရာနက်ခွန်ခရိုင် တီထောင်လမ်းပေါ်က အိမ်ဆိုင်ကို မနက် ၉ နာရီလောက်မှာ ရှာဖွေခဲ့တာဖြစ်ပြီး မစ္စတာဂျီရက်ကတော့ ပြီးခဲ့တဲ့နှစ်က ထိုင်းဘတ်ငွေ သန်း ၁၆၀ ကျော်နဲ့အတူ ဖမ်းမိခဲ့တာပါ။
ဒီစစ်ဆင်ရေးကို မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန (အန်အက်စ်ဘီ) အကြီးအကဲ စုမ်မိုင်ကွန်ဝီစိုင်ဆက်က ဦးဆောင်ခဲ့ပြီး မစ္စတာဂျီရက်နဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆရတဲ့ ၁၈ နေရာကို ရှာဖွေခဲ့တာပါ။
၃ ထပ်တိုက်ကို ရှာဖွေချိန်မှာ မစ္စတာ ထဝီဆက်ကို မတွေ့ပေမယ့် မစ္စတာ ကရီဆာဒါကို တွေ့ခဲ့သလို ရှာဖွေတဲ့ အိမ်ထဲကနေ မီးခံသေတ္တာ ၂ လုံးနဲ့ သေနတ်အရွယ်အစားအမျိုးမျိုး ၂၁ လက်ကို ရဲအရာရှိတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
လိုင်စင်သေနတ်တွေလို့ ပြောပေမယ့် မစ္စတာထဝီဆက်ပိုင်တယ်လို့ ယူဆရတဲ့ သေနတ်တွေကို တရားဝင် ကိုင်ဆောင်တာ ဟုတ်၊ မဟုတ် ဆိုတာ စုံစမ်းစစ်ဆေးမယ်လို့ ရဲတွေက ပြောလိုက်ပြီး မစ္စတာကရီဆာဒါကိုတော့ မေးခွန်းမေးဖို့ အချုပ်ခန်းထဲ ထည့်လိုက်ပါတယ်။
“မစ္စတာထဝီဆက်က သေနတ်တွေ စုဆောင်းတာ ဝါသနာပါတယ်လို့ သိရတယ်။ ခုတော့ သူက ထွက်ပြေးနေတယ်” လို့ ရဲအရာရှိ စုမ်မိုင်က ပြောပါတယ်။
အန်ဘီအက်စ် အကြီးအကဲ အဆိုအရ မစ္စတာထဝီဆက်ရဲ့ ယောက်ဖဖြစ်သူ အိ့က်အိုဝန်က ဘန်ကောက်နဲ့ အနီးအနားဒေသတွေကို မူးယစ်ဆေးဝါး ဖြန့်ဖြူးတဲ့နေရာမှာ အဓိကကျတယ်လို့လည်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။