ပူတင် ရွေးကောက်ပွဲဝင်ရန် လူထုထောက်ခံချက်လက်မှတ် ပြည့်မီရန် သေချာဟုဆို

Russian President Vladimir Putin attends a meeting with journalists following a live nationwide broadcast call-in in Moscow, Russia June 15, 2017. REUTERS/Sergei Karpukhin
1.3K
ရုရှားသမ္မတ ဗလာဒီမိယာပူတင်ဟာ လာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် လိုအပ်တဲ့ လူထုထောက်ခံချက် လက်မှတ်တွေ အလုံအလောက်ရရှိဖို့ သေချာနေပြီလို့ ပူတင်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဇန်န၀ါရီ ၁၇ ရက်က ပြောကြားလိုက်ပါတယ်။
သမ္မတပူတင်ဟာ လာမယ့်သမ္မတရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ဆိုရင် တနိုင်ငံလုံးရှိ အနည်းဆုံး ရုရှားပြည်သူ သုံးသိန်းရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။
လောလော ဆယ်အနေအထားအရ ထောက်ခံလက်မှတ် ၄ သိန်းကျော်ရရှိထားပြီး အဲဒီအထဲက ၁ သိန်းကျော်ဟာ ခိုင်လုံတဲ့ လက်မှတ်တွေဖြစ်တယ်လို့ ပူတင်ရဲ့ မဲဆွယ်စည်းရုံးရေး ရုံးအဖွဲ့ဥက္ကဋ္ဌက ပြောပါတယ်။
“ဒီကနေ့ ဇန်န၀ါရီ ၁၇ ရက်မှာ ဗဟိုမဲဆွယ်ရေးရုံးချုပ်ဟာ ဒေသသုံးခုက ထောက်ခံလက်မှတ်တွေကို လက်ခံရရှိခဲ့ပါတယ်။ စုစုပေါင်း လက်မှတ် ၄၇၂၀၀၀ ရှိပါတယ်။ ဒေသ ၁၆ ခုနဲ့ လက်မှတ် ၁၉၂၂၃၇ ခုကို ကျနော်တို့ စိစစ်ပြီးပါပြီ။ အဲဒီအထဲက ထောက်ခံလက်မှတ် ၁၄၃၀၈၁ ဟာ အပြစ်အနာအဆာကင်းတဲ့ လက်မှတ်တွေဖြစ်ပါတယ်။ အဲဒီလက်မှတ်တွေကို ဗဟိုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့သွားပါမယ်” လို့ သမ္မတပူတင်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ ဥက္ကဋ္ဌက ပြောပြသွားပါတယ်။
အဲဒီအဖွဲ့ တွဲဖက်ဥက္ကဋ္ဌကလည်း "အချိန်တိုအတွင်းမှာ လိုအပ်တဲ့ ထောက်ခံ လက်မှတ်တွေရရှိအောင် ကျနော်တို့ ကောက်ယူသွားမှာပါ။ လူထုကတည်း ဦးဆောင်ပါဝင်နေတာကို တွေ့ရပါတယ်။ လူထုဟာ ထောက်ခံလက်မှတ်တွေမှာ လက်မှတ်တွေထိုးနေပြီး သူတို့ရဲ့ လက်မှတ်တွေကို ပေးပို့နေပါတယ်။ ဒါကို ရပ်တန့်ဖို့ ကျနော်တို့မှာ အခွင့်အရေးမရှိပါဘူး” လို့ ပြောကြားသွားပါတယ်။
သမ္မတပူတင်ဟာ လာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့်အကြောင်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရားဝင် ကြေညာခဲ့ပါတယ်။