လေးလွှာတိုက်ခန်းမှ တွဲလောင်းကျနေသည့် ၃ နှစ်သမီးကို ကယ်တင် (ရုပ်သံ)

တရုတ်နိုင်ငံမှာ ပေ ၃၀ အမြင့်ရှိတဲ့ တိုက်ခန်းတခန်းရဲ့ ပြတင်းပေါက်အစွန်းမှာ တွဲ လောင်းချိတ်ပြီး အောက်ပြုတ်ကျတော့မယ့်ဆဲဆဲ ၃ နှစ်အရွယ် ကလေးငယ်တဦးကို အမျိုးသားတဦးက စွန့်စားကယ်တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ကယ်ဆယ်ရေးသမားတဦးမဟုတ်ပဲ ဈေးဆိုင်ပိုင်ရှင်တဦးသာ ဖြစ်ကာ ဘာကိရိယာအကူမှမပါပဲ ခုလို ကယ်တင်ခဲ့မှုအပေါ် အားလုံးက ၀ိုင်းဝန်းချီးကျူးနေကြတယ်လို့ မေရာသတင်းမှာ ဇန်န၀ါရီ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဇီကျန်းခရိုင်မြို့တော် ဟန်ကျိုးမြို့မှာ ဖြစ်ခဲ့တာပါ။ ကလေးငယ်ဟာ ၄ လွှာတိုက်ခန်းတွင်း အိပ်ပျော်နေချိန်မှာ မိခင်က ကိစ္စတခုနဲ့ အပြင်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူပြန်ရောက်မလာခင်မှာပဲ ကလေးက နိုးသွားခဲ့ကာ မိခင်ကို လိုက်ရှာ ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာ ပြတင်းဘောင်ပေါ်တက်ခဲ့ရာမှ ပြုတ်ကျသွားခဲ့ပြီး အောက်က အခန်းရဲ့ မိုးကာအစွန်းမှာ တွဲလောင်းချိတ်လျက်သား ဖြစ်နေခဲ့တာပါ။ ကလေးငယ်ဟာ ငိုကြွေးနေချိန်မှာ အနီးနားရှိသူတွေက တွေ့ရှိခဲ့ကြပြီး ရဲတွေကို အကူအညီတောင်းခဲ့ကြတာပါ။ ဒါပေမယ့် အနီးနားက အလူမီနီယံတံခါးနဲ့ လှေကားတွေရောင်းတဲ့ အသက် ၄၅ နှစ်အရွယ် ဆိုင်ပိုင်ရှင် လောင်ချူကွမ်က ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ အိမ်ခန်းကို တံခါးခေါက်ပေမယ့် ဘာမှအကြောင်းမပြန်ခဲ့တဲ့အတွက် အနီးနားမှ အခန်းကို အကူအညီတောင်းကာ ကလေးငယ်ရှိနေတဲ့ လေသာဆောင် အစွန်းဆီရောက်ဖို့ ကြိုးစားခဲ့ကာ ကလေးငယ်ကို ခက်ခက်ခဲခဲ ကယ်တင်ခဲ့ရတာပါ။ သူကယ်တင်ခဲ့ပြီး အချိန် ၅ မိနစ်အကြာမှာမှ မီးသတ်နဲ့ ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာခဲ့ကြပြီး မျက်မြင်သက်သေတွေကတော့ သူ့ရဲ့ ဒီလုပ်ရပ်ကို ချီးကျူးနေကြတာပါ။ ကံကောင်းထောက်မစွာပဲ ကလေးငယ်မှာ ဘာထိခိုက်ဒဏ်ရာမှ ရရှိမသွားဘဲ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူနဲ့ ပြန်ဆုံပေးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up