စတာရစ်အတွက် ဆီဗီလာ ကမ်းလှမ်းမှု လီဗာပူး ပယ်ချ
တိုက်စစ်မှူး စတာရစ်အတွက် ဆီဗီလာအသင်းရဲ့ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုကို လီဗာပူးအသင်းက ပယ်ချလိုက်ပါတယ်။
လီဗာပူးတိုက်စစ်မှူး စတာရစ်ဟာ ပုံမှန်ပွဲထွက်ခွင့်မရ ဖြစ်နေတာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စီစဉ်နေတာပါ။
ဆီဗီလာအသင်းအနေနဲ့ စတာရစ်အတွက် တပတ် လုပ်ခ ပေါင် ၁ သိန်းခွဲအထိ ပေးချေဖို့ ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်း နည်းစနစ်ဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝါ့ဒ်က ပယ်ချလိုက်တာလို့ သိရပါတယ်။
လီဗာပူးအသင်းဟာ စတာရစ်အတွက် ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် အပြီးသတ်ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အသက် ၂၈ နှစ်ရှိ စတာရစ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း အသင်းမှာ ကစားခွင့်မရသေးဘဲ ဒီနှစ် ဘောလုံးရာသီမှာ ၅ ပွဲပဲ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရတာပါ။
စတာရစ်ကို ခေါ်ယူဖို့အတွက် အီတလီကလပ် အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။