Home
မြန်မာသတင်း
မူးယစ်ဆေးဝါး တားဆီးရေးကွန်ရက် လုပ်ဆောင်ရန် တနင်္သာရီဝန်ကြီးချုပ် တိုက်တွန်း
DVB
·
January 18, 2018
မူးယစ်ဆေးဝါး ဖြန့်ဖြူးမှု အားကောင်းနေတဲ့ မြိတ်ခရိုင်မှာ မူးယစ်ဆေးဝါး ကာကွယ်တားဆီးတာတွေ လုပ်ဆောင်ဖို့အတွက် ကွန်ရက်တခု ဆောင်ရွက်ထားဖို့ ခရိုင်အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က တိုက်တွန်း ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က မြိတ်မြို့ ပုလဲရတနာခန်းမမှာ ပြုလုပ်သွားတဲ့ ပြည်သူလူထုနဲ့ တွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကိုကို အဆိုပါကိစ္စကို ဦးဆောင် လှုပ်ရှားဖို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်က “သက်ဆိုင်ရာဌာနတွေအနေနဲ့ Network တခု လုပ်ထားရမယ်။ ဒါကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး လုပ်စေချင်တယ်။ ပြီးခဲ့တဲ့ ဘင်္ဂါလီ အရေးခင်းမှာတုန်းကလည်း ဒီလိုပဲ ကျမတို့ ထိန်းခဲ့တယ်။ အခု မူးယစ်ဆေးဝါးကိုလည်း Network နဲ့ ထိန်းမယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်မိသားစုထဲမှာ ဘာတွေဖြစ်နေလဲ။ အနီးပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေလဲ ချိတ်ဆက်ကြပါ။ ဖုန်းနံပါတ်လေးတွေ ပေးထားကြပါ။ လုပ်တဲ့အခါမှာလည်း မှန်မှန်ကန်ကန်လုပ်ဖို့ လိုလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်အထက်ပိုင်းမှ အဆင့်ဆင့်ရောက်ရှိလာပြီး မြိတ်ကျွန်းစုထဲမှာ ပျံ့နှံ့အားကောင်းနေသလို တံငါသည်တွေက အဓိကသုံးစွဲနေကြပြီး ဈေးကောင်းရတဲ့အတွက် ဖြန့်ဖြူးသူတွေ ဦးလှည့်လာတဲ့ နေရာတခု ဖြစ်လာနေတယ်လို့ သိရပါတယ်။ မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးသန့်က “မူးယစ်ဆေးဝါး ပင်ရင်းထွက်တဲ့ နေရာတွေက ရှမ်းပြည်နယ်ဘက်က နယ်စပ်ဒေသတွေမှာ အဲဒီမှာ စိတ်ကြွဆေးပြားတပြားကို ရာဂဏန်းလောက်ပဲ ရှိတယ်။ ဒီမှာက ၃ ထောင်အထိ ဖြစ်နေတယ်။ အရင်က ၅ ထောင်အထိ တက်ခဲ့တယ်။ မြို့တွေ အများကြီးကို ဖြတ်သန်းလာရတဲ့အတွက် ဈေးနှုန်းကြီးလာတာ ဖြစ်တယ်။ ပြီးခဲ့တဲ့လက မြိတ်မှာ မူးယစ်ဆေးပြား ၈ သောင်းကျော် ဖမ်းမိတယ်။ လိုင်စင်မဲ့ကားတွေလည်း မိတယ်။ တနင်္သာရီတိုင်းဒေသကြီးထဲမှာတော့ အများဆုံးပါပဲ။ ကျွန်းစုတွေဘက်မှာ အဓိကဖြန့်ဖြူးနေကြတယ်လို့ သိရပါတယ်။ မူးယစ်ဆေး ဖြန့်ဖြူးနေတဲ့သူတဦးကိုတော့ မိထားတယ်။ အဓိကဖြန့်ဖြူးနေတဲ့သူကို ဖမ်းဆီးရမိဖို့ ကျနော်တို့ စစ်ဆေးနေပါတယ်”လို့ ပြောပါတယ်။ တနင်္သာရီတိုင်းထဲက မြိတ်ခရိုင်မှာ မူးယစ်ဆေးဝါးအမှု အများဆုံးဖြစ်နေပြီး သက်ဆိုင်ရာက အမြန်ဆုံး ထိထိရောက်ရောက် ကာကွယ်တားဆီးဖို့ ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024