မူးယစ်မှုဖြင့် ထောင် ၁၁ နှစ်ကျနေသည့် တောင်ကိုရီးယားနိုင်ငံသားကို ကောင်စစ်ဝန်တွေ့ဆုံ
DVB
·
January 18, 2018
စိတ်ကြွရူးသွပ်ဆေးပြားလက်ဝယ်တွေ့ရှိမှုနဲ့ တောင်ငူထောင်မှာ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ကျခံနေရတဲ့ တောင်ကိုရီးယားနိုင်ငံသား လီဆန်ဘိုအမ်ကို ကောင်စစ်ဝန်က တောင်ငူထောင်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားကောင်စစ်ဝန် ရှင်ဂျောင်ဟွန်းက ပဲခူးတိုင်း တောင်ငူအကျဉ်းထောင်မှာ တစ်နာရီနီးပါး လာရောက် တွေ့ဆုံခဲ့တာပါ။
ကိုရီးယားကောင်စစ်ဝန်က “ထောင်အာဏာပိုင်တွေကို ပြစ်ဒဏ်ကျခံနေရတဲ့ မိမိတို့ နိုင်ငံသားဟာ ပြစ်မှုကို အမှန်တကယ်ကျူးလွန်ထားခြင်းမရှိဘဲ ပြစ်ဒဏ်ကျခံနေရတဲ့အတွက် အယူခံတင် သွားမယ်”လို့ ပြောပါတယ်။
အကျဉ်းထောင်ထဲမှာလည်း ပြစ်ဒဏ်အမျိုးမျိုးကျခံနေရတဲ့ အကျဉ်းသားတွေ ရှိနေ တာကြောင့် ကိုရီးယားအကျဉ်းသားရဲ့ လုံခြုံရေးကို ဂရုစိုက်ပေးစေလိုကြောင်းနဲ့ အကျဉ်းသား မှာ လည်ချောင်းကင်ဆာရောဂါနဲ့ပတ်သတ်ပြီး ဆေးဝါးများသောက်သုံးနေရကြောင်း၊ ကျန်းမာရေးအတွက် လိုအပ်ပါက ထောင်တွင်းဆေးရုံကို ပြောင်းရွှေ့ထားပေးစေလိုကြောင်း လာရောက်ပြောကြားခဲ့တယ် လို့ သိရပါတယ်။
အဆိုပါကိုရီးယားနိုင်ငံသားကို ၂၀၁၇ ဒီဇင်ဘာ ၂၆ ရက်က တောင်ငူခရိုင် တရားရုံးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က) အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၁) နှစ် အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်
၂၀၁၆အောက်တိုဘာလ ၁၉ ရက်က တောင်ငူမြို့ ထီးလှိုင်ကွန်ကရစ်လမ်းမပေါ်ရှိ အမြန်လမ်းမီနီတိုးဂိတ်မှာ တောင်ကိုရီးယား နိုင်ငံသား မစ္စတာလီ မောင်းနှင်လာတဲ့ ယာဉ်ကို ရပ်တန့်ရှာဖွေရာက WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၇၈ ပြားကို ရှာဖွေတွေ့ရှိတဲ့အတွက် အမှုဖွင့် ဖမ်းဆီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
သားကြီး(တောင်ငူ)