ဒေါက်တာအေးမောင်ကို ရဲတပ်ဖွဲ့က စစ်တွေ နေအိမ်မှာ လာရောက်ဖမ်းဆီး (ဓာတ်ပုံ)





2.6K
အမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဒီကနေ့ ဇန်န၀ါရီ ၁၈ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ရဲတပ်ဖွဲ့က စစ်တွေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒေါက်တာအေးမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်တဦး ဖြစ်တာမို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖမ်းဆီးခွင့်ကို လွှတ်တော်ဥက္ကဋ္ဌထံက ရယူခဲ့ကြပြီးနောက် ခုလို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
ဒီမနက် နေပြည်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လွှတ်တော်ဥက္ကဋ္ဌဆီကနေ ဖမ်းဆီးခွင့် ခွင့်ပြုချက်ရပြီး ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
"ဒါက လွှတ်တော်ကိုယ်စားလှယ်တဦးကို ပထမဦးဆုံး တရားစွဲတဲ့ လက်ရှိခေတ်ပေါ့ဗျာ၊ ကျနော်ကတော့ ဥပဒေကြောင်းအရ ပြန်လည်တုံ့ပြန်သွားမှာပါ" လို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားချိန်မှာ သတင်းထောက်တွေကို ဒေါက်တာအေးမောင်က ပြောပါတယ်။
ရသေ့တောင်မြို့နယ်မှာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်ပြီး ဟောပြောသူ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် ရဲစခန်းက မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။
ဒါ့အပြင် သူတို့နှစ်ဦးကို နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၁ (ခ) (ဂ)၊ နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) (ဂ) ၊ မတရား အသင်းအက်ဥပဒေပုဒ်မ (၁၇) (၁) (၂) တို့နဲ့ အမှုဖွင့်တရားစွဲဆိုဖို့လည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ထားပါတယ်။
သတင်း - ဝဏ္ဏခွာညို