၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းက ဘယ်သူ့အတွက်လဲ

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၅)၊ အမျိုးသားလွတ်တော်၊ တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိမ်း တင်သွင်းတဲ့ ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်းကို လွှတ်တော်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အခုတလောမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒီဥပဒေဟာ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေမျိုး မဟုတ်ဘဲ လူတစု ကောင်းစားရေးနဲ့ မြေကို အဓမ္မသိမ်းယူချင်တဲ့ သူတွေအတွက် ရည်ရွယ်ရေးသားထားတာမျိုး ဖြစ်တယ်လို့လည်း ထောက်ပြနေကြတာ တွေ့ပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာလည်း မြေဧကပေါင်း ၂၃ သိန်းကို ခရိုနီတွေနဲ့ အာဏာရှိတဲ့သူတွေက ဥပဒေမဲ့ သိမ်းယူခဲ့တယ်လို့ ပြည်သူ့လွှတ်တော် သုတေသန မှတ်တမ်းအရ သိရပါတယ်။ ဒါတွေ သိမ်းယူခဲ့ပေမယ့် သိမ်းယူမှု တော်တော်များများဟာ  ပြဋ္ဌာန်းထားတဲ့ မြေလွတ် မြေလတ်၊ မြေရိုင်း ဥပဒေနဲ့ မညီတာတွေလည်း တွေ့ရတယ်။ မြန်မာနိုင်ငံမှာ ၁၈၉၄ မြေသိမ်းအက်ဥပဒေနဲ့ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ ဆိုတာ ရှိခဲ့ပါတယ်။  အလားတူပဲ  ပြီးခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာလည်း ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ ဆိုပြီး ပြဋ္ဌာန်းခဲ့တာရှိပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး ဝေဖန်သူတွေကတော့၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ ဆိုရင် လယ်ယာမြေကို အခြားနည်းဖြင့် ပြောင်းလဲ အသုံးချခွင့်ရှိတယ်လို့ ပြဋ္ဌာန်းပေးထားတဲ့ အချက်ကို ထောက်ပြ ဝေဖန်ကြပါတယ်။   ဒီဥပဒေရဲ့ အကျိုးဆက်အနေနဲ့  ယခင် သိမ်းဆည်းမှုတွေ လုပ်ခဲ့တဲ့ အနေအထားကနေ ပုံစံပြောင်းလဲလာပြီး ၂၀၁၃ လောက်မှာ လယ်မြေတွေကို လိုက်ဝယ်လာခဲ့ကြတာ ရှိပါတယ်။ လယ်သမားတွေကလည်း ဈေးကောင်းရတဲ့အတွက် လယ်မလုပ်တော့ဘဲ ရောင်းချခဲ့ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို ဝယ်ယူခဲ့တဲ့အထဲမှာ ရန်ကုန်ပတ်ဝန်းကျင်ဒေသတွေနဲ့ မန္တလေးမြို့ ပတ်ဝန်းကျင်မှာရှိတဲ့  လယ်ယာမြေတွေအပြင်၊ မြို့ပြဒေသနဲ့ ဝေးနေပေမယ့် နောင်တချိန်မှာ စီးပွားရေးအရ အရေးပါလာမယ့် ကမ်းရိုးတန်းဒေသတွေအထိ လိုက်လံဝယ်ယူမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၃ မှာ တခါ  သိမ်းဆည်းမြေနဲ့ ပတ်သက်တဲ့ မူဝါဒ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲခဲ့တာ ရှိပါတယ်။ ကြားကာလတွေမှာ  လန ၃၉ နဲ့ သိမ်းတာ၊ ပုံစံ ၁၀၅ နဲ့ သိမ်းတာတာတွေလည်း ရှိခဲ့ပါတယ်။ တကယ်တော့ လန ၃၉ ကိုဆိုတာ စိုက်ပျိုးမြေကို အခြားမြေအဖြစ် ပြောင်းတဲ့ အဆင့်လေးပဲ ရှိပါသေးတယ်။  ပုံစံ ၁၀၅ ဆိုတာလည်း မြေကြီး မြေပုံအဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒီလို မခိုင်လုံတဲ့ အနေအထားနဲ့ပဲ  လန ၃၉ တို့ ၊ ပုံစံ ၁၀၅ တို့ကိုပြပြီး သိမ်းနေတာလည်း ဒုနဲ့ဒေးပါပဲ။   ၁၈၉၄ မြေသိမ်းဥပဒေ  နဲ့ ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြမ်း အဆက်အစပ် ဥပမာ ၁၈၉၄ မြေသိမ်းဥပဒေကို ကိုလိုနီနယ်ချဲ့က ပြဋ္ဌာန်းခဲ့ပေမယ့်လည်း တောင်သူ လယ်သမား အခွင့်အရေးကို  ကာကွယ်ပေးထားတာကို တွေ့ရတဲ့အကြောင်း၊ ကိုလိုနီခေတ်က ဥပဒေဟာ ခိုင်မာအားကောင်းနေတဲ့အတွက် မြေယာသိမ်းမှု မှန်သမျှတွေဟာ ၁၈၉၄ မြေသိမ်းဥပဒေနဲ့  တိုက်ဆိုင်စစ်ဆေးလိုက်ရင်  ဥပဒေမဲ့ အဓမ္မမြေသိမ်းမှုတွေသာ ဖြစ်သွားတတ်တဲ့အတွက်  အခုလို လူထု အစိုးရ တက်လာတဲ့အချိန်ကျမှ အချိန်ကောင်းကို စောင့်ပြီး ချိန်ကိုက်လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ထောက်ပြနေကြတာလည်း ရှိပါတယ်။   ဥပဒေနဲ့ပတ်သက်ရင်  တရားမကျင့်ထုံး ဥပဒေ ပုဒ်မ၊ ၆၀ ပါ လယ်သမား အခွင့်အရေးနဲ့ ဗိုလ်ချုပ်နေဝင်းလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ “၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ” ကိုလည်း သမ္မတ  ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဖျက်သိမ်းခဲ့ကြတဲ့အကြောင်း၊ ခေတ်အဆက်ဆက် ပြဋ္ဌာန်းခဲ့ကြတဲ့  လယ်ယာမြေ ဥပဒေတွေထဲမှာ တခုတည်း ကျန်ရှိတော့တဲ့ ၁၈၉၄ မြေသိမ်းဥပဒေ’ (1894 Land Acquisition Act ) ကို ဖျက်သိမ်းဖို့ အခုလို ကျားကုတ်ကျားခဲ ကြံစည်နေခြင်း ဖြစ်ကြောင်း ထောက်ပြဝေဖန်မှုတွေလည်း ရှိနေသည်။ ၂၀၁၅ ခုနှစ် Global Witness က ထုတ်ပြန်တဲ့  အစီရင်ခံစာမှာ အာဏာရှင် ခေတ်တလျှောက် မြေယာသိမ်းယူမှုတွေ အမြောက်အမြား ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်အထိ သိမ်းယူခဲ့တဲ့ မြေဧက ၅ ဒသမ ၃ သန်း ရှိခဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒီလို အဓမ္မသိမ်းယူမှုတွေဟာ အခု ရေးဆွဲခဲ့တဲ့  ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေကြောင့် တရားဝင် ဖြစ်ကုန်တော့မှာလား ဆိုတာလည်း စဉ်းစားစရာဖြစ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ မြေအသုံးချ မူဝါဒ ၂၀၁၆ ခုနှစ်  ဇန်နဝါရီလက မြန်မာနိုင်ငံရဲ့ မြေယာအသုံးချမှုဝါဒ (National Land use policy)  ထွက်ပေါ်လာခဲ့ပါတယ်။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူအချို့ကတော့ မြန်မာနိုင်ငံမှာ မြို့ပြမြေစီမံခန့်ခွဲမှု (Urban Land Management) ကို ကျွမ်းကျင်သူ မရှိသလောက် ဖြစ်နေတဲ့အကြောင်း၊ ဒါကြောင့် မြို့ပြမြေစီမံခန့်ခွဲမှု (Urban land Managemnet) နဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတခု ထူထောင်ဖို့ လိုနေပြီဖြစ်ကြောင်း၊ နားမလည်ဘဲ ဥပဒေရေးရင် ပြဿနာတွေ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိပါတယ်။ တကယ်တော့ land use policy ရဲ့ သဘောသဘာဝကလည်း မြို့ပြမြေနဲ့ မသက်ဆိုင်တဲ့အကြောင်း၊ လက်ရှိ မြေသိမ်းဥပဒေ ပြဋ္ဌာန်းဖို့ စီစဉ်နေတာနဲ့ နောင်လာမယ့်  မြေသိမ်းမှု အများစုဟာ မြို့တည်ချင်တဲ့အတွက် ဖြစ်နိုင်တဲ့အကြောင်း၊ ထို့ကြောင့်လည်း  စိုက်ပျိုးမြေကို မြို့ပြမြေပြောင်းဖို့ စီစဉ်နေတဲ့ အနေအထားတွေလို့ သုံးးသပ်နိုင်တဲ့ အကြောင်း၊ ဒီနေရာမှာ  မြို့ပြမြေကို မစီမံတတ်ဘဲ သိမ်းယူနေရင် လွဲချော်မှုတွေ ဖြစ်နိုင်တဲ့အကြောင်း ထောက်ပြနေကြတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှ မြေကို ကိုင်ထားတဲ့  ဝန်ကြီးဌာန လေးခု ရှိနေပါတယ်။ သစ်တောရေးရာဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ ဖြစ်ပါတယ်။ “မြေနဲ့ပတ်သက်ရင်  land used policy ကို သစ်တောက ဆွဲပါတယ်။ လယ်မြေကို စိုက်ပျိုးရေးက ကိုင်ပါတယ်။ အိုးအိမ်၊ စည်ပင်၊ ထွေအုပ်၊ မြေစာရင်းတို့က မြို့ပြမြေ (urban land) ကို သုံးကြပါတယ်။ ဒါက လက်ရှိအနေအထားပါ။ ဖြစ်နေတာက  ဒီဌာနလေးခုကလည်း ချိတ်ဆက်လို့မရဘူး ဖြစ်နေတယ်” ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ တဦးက ပြောပါတယ်။ မြေယာပြဿနာကို မဖြေရှင်းပေးနိုင်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အခက်အခဲ ရှိနေဦးမှာ ဖြစ်သလို ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာလည်း ရိုက်ခတ်မှုတွေ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။ တလွဲလုပ်ဆောင်မှုတွေဟာလည်း ပြဿနာကို ဖန်တီးပေးနေသလို ဒီပြဿနာတွေကြောင့်  ဆင်းရဲမွဲတေမှုကို လျှော့ချမယ်ဆိုတဲ့ မျှော်မှန်းချက်ဟာလည်း အထမမြောက်နိုင်တဲ့အကြောင်း လတ်တလောမှာ သုံးသပ်နေကြပါတယ်။ ယမင်းမြတ်အေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up