အငှားယာဉ်ပေါ် အိမ်လုပ်နေသည့် သနားစဖွယ်ထိုင်းသားအဖ ထောက်ပံ့ငွေ ဘတ် ၁ သန်းကျော်ရရှိ (ရုပ်သံ)

အငှားယာဉ်ပေါ် အိမ်လုပ်ကာ ခက်ခက်ခဲခဲ ရပ်တည်နေထိုင်နေရတဲ့ ထိုင်းသားအဖ ၂ ဦးဟာ ထောက်ပံ့ကူညီငွေဘတ် ၁ ဒဿမ ၃ သန်းကျော် ရရှိခဲ့တယ်လို့ ထိုင်း ဘာသာနဲ့ ထုတ်ဝေတဲ့ နေယူနာ သတင်းတပုဒ်မှာ ဒီကနေ့ဖော်ပြပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းမှ သားအဖ ၂ ဦးရဲ့ ၀မ်းနည်းစရာ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့တာပါ။ လက်ရှိမှာတော့ ခုလို ထောက်ပံ့ကူညီငွေတွေ ရရှိခဲ့တာဟာ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် ပြေလည်အောင် ဖြေရှင်းကူညီနိုင်ခဲ့တဲ့ အရေးပါမှုတခု ဖြစ်တယ်ဆိုတာကို ပြသလိုက်တာပါပဲ။ အသက် ၆၂ နှစ်အရွယ် ရမ်ဂရော့ဂ်ျ သစ်ပရတ်နဲ့ သားဖြစ်သူ အသက် ၁၀ နှစ်အရွယ် ခမ်ပနက်တို့ဟာ ငှားရမ်းမောင်းနှင်ရတဲ့ တက္ကဆီပေါ်မှာ ၄ လလောက် ခက်ခက်ခဲခဲ နေထိုင်ခဲ့ကြရတာဖြစ်ပြီး ဆီဆိုင်တွေမှာ ရေချိုးရတာတွေ၊ စားသောက်ဖို့ကိုတော့ ဘုန်းကြီးကျောင်းတွေက အကြွင်းအကျန်တွေနဲ့ အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။ နေ့စဉ်နေ့တိုင်း ရမ်ဂရော့ဂ်ျဟာ ဆောင်ခလာခရိုင်၊ ဟက်ရိုင်ဒေသတွင်းမှာ လှည့်ပတ်မောင်းနှင်ရပြီး တနေ့တာ ရရှိတဲ့ ၀င်ငွေဟာ ဘတ် ၂၀၀ နဲ့ ၃၀၀ ကြား သာရရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပိုင်ရှင်ဆီက ငှားရမ်းခ ဘတ် ၁၂၀ ကို နုတ်ပြီးတဲ့အချိန်မှာ ကျန်ရှိတဲ့ နေ့စဉ်ဝင်ငွေဟာ ဘယ်လိုမှ မလုံလောက်တာမို့ ခုလိုနေထိုင်ခဲ့ရတာပါ။ သားဖြစ်သူ ခမ်ပနက်ကတော့ အစိုးကျောင်းတကျောင်းမှာ စာသင်ကြားနေတာ ဖြစ်ပြီး မနက်စောစောထပြီး ဒေသတွင်း ဘုန်းကြီးကျောင်းတကျောင်းမှာ အရုဏ်ဆွမ်းကပ်ကာ ဝေယျာဝစ္စတွေ ၀ိုင်းကူလုပ်ပေးရတယ်လို့ ပြောပါတယ်။ ဇနီးဖြစ်သူဟာ ကလေးဖြစ်သူ ၃ နှစ်သားအရွယ်တည်းက ထားခဲ့တာဖြစ်ပြီး အဲဒီ နောက်ပိုင်းမှာ သတင်းအစအန မကြားရတော့ဘူးလို့ ရမ်ဂရော့ဂ်ျက ပြောပါတယ်။ သူ့အနေနဲ့ကတော့ သားဖြစ်သူကို တခြားကလေးတွေလိုမျိုး ပြည့်စုံရိုးရှင်းတဲ့ ဘ၀မျိုး မဖန်တီးပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ ရမ်ဂရော့ဂ်ျရဲ့ ဘဏ်စာရင်းထဲကို စေတနာရှင်တွေဆီမှ ထောက်ပံ့ငွေ ၁ ဒဿမ ၃၅ သန်းရောက်ရှိခဲ့ပြီးဖြစ်ကာ သူ့မှာ ၀မ်းသာတယ်ဆိုတာကလွဲပြီး တခြားကျေးဇူးတင်စကား ရှာမတွေ့ဘူးလို့ ပြောလိုက်ပါတယ်။ တခြားအလှူရှင်တဦးကလည်း ဘန်ကလန်ဒေသတွင်းမှာ သူတို့ သားအဖအတွက် မြေတကွက်လှူဒါန်းခဲ့တာမို့ သူတို့ဟာ ကိုယ်ပိုင်အိမ်နဲ့ ဖြစ်လာတော့မှာပါ။ လက်ရှိမှာတော့ သူတို့သားအဖဟာ ဒေသတွင်းလုပ်ငန်းရှင်တဦးက ငှားရမ်းပေးတဲ့ နေအိမ်ဆီကို ရွှေ့ပြောင်းနေထိုင်နေကြပါပြီ။ “ကျနော့်မှာ ဘာမှ ပြန်ပေးစရာမရှိပါဘူး။ ဒါပေမယ့် ကျေးဇူးတင်ပါတယ်။ ကျနော် ခင်ဗျားတို့ ပေးတဲ့ မေတ္တာတွေနဲ့ လူကောင်းတယောက်အဖြစ် ဆက်ပြီး အသက်ရှင်နေထိုင်သွားမှာပါ” ရရှိတဲ့ ၀င်ငွေတွေကိုလည်း အိမ်ရရှိဖို့နဲ့ သားဖြစ်သူရဲ့ ကျောင်းစရိတ်အတွက် အ သုံးပြုသွားမှာဖြစ်ကာ သူဖြစ်ချင်တဲ့ ရဲအရာရှိဖြစ်တဲ့အထိ ပြုစုပျိုးထောင်ပေးသွားမယ်လို့ ရမ်ဂရော့ဂ်ျက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up