သိန်းပေါင်း ၇ သိန်းကျော်တန်းဖိုးရှိ မူးယစ်ဆေးများ သိန္နီနှင့်ကွတ်ခိုင်တွင် ဖမ်းမိ
DVB
·
January 18, 2018
သိန္နီမြို့နဲ့ ကွတ်ခိုင်မြို့နယ်တို့မှာ ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော် တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့ မနက် ၆ နာရီအချိန်လောက်က မူးယစ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သိန္နီမြို့အထွက် အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကျော်ထွန်း(ခ)အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာတဲ့ မော်တော်ယာဉ်မှ ဘိန်းဖြူဆပ်ပြာခွက် ၁,၁၃၉ ခွက် (ဘိန်းဖြူ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို) နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ကွင်းဆက်အရ ကွမ်းလုံ-နမ့်စလပ်-သိန္နီမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါးများပိုင်ရှင်ဖြစ်တဲ့ ရန်အယ်နဲ့ ကူကျန်းလျှန်တို့ကို ဖမ်းဆီးရမိပြီး ကျော်ထွန်း(ခ)အိုက်ထွန်း (၃၁ နှစ်)၊ စိုင်းလှကျော် (၄၅ နှစ်)၊ ရန်အယ် (၂၅ နှစ်)နဲ့ ကူကျန်းလျှန်(၂၅ နှစ်) တို့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာမှာ မူးယစ်ကွင်းဆက်အရ ပူးပေါင်းအဖွဲ့ဟာ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၈ နာရီ ၄၅ မိနစ်က လွယ်ခန်ကျေးရွာနေ လောက်ယောင်းရဲ့ နေအိမ်ကို စီးနင်းဝင်ရောက်ရှာဖွေရာ နေအိမ်မှာ လူမရှိဘဲ နေအိမ်အတွင်းမှာ ဆာလာအိတ် ၁၀၀ အိတ်အတွင်းမှ စုစုပေါင်း စိတ်ကြွဆေးပြား သိန်း ၃၀၀ ပြား၊ ဆာလာအိတ် ၇၀ အိတ်အတွင်းမှ အိုက်စ်မူးယစ်ဆေး ၁၇၅၀ ကီလို၊ ဆာလာအိတ် ၂၀ အိတ်အတွင်းမှ စုစုပေါင်း ဘိန်းဖြူ ဘလောက်တုံး ၁၃၆၀ တုံး (ဘိန်းဖြူ အလေးချိန် ၄၆၂ ဒသမ ၄ ကီလို)၊ ဆာလာအိတ် ၁၅ အိတ်အတွင်းမှ ဘိန်းဖြူ ဆပ်ပြာခွက် ၃၃၀၀ ခွက် (ဘိန်းဖြူ အလေးချိန် ၃၉ ဒသမ ၆ ကီလို) စုစုပေါင်း ဘိန်းဖြူ အလေးချိန် ၅၀၂ ကီလိုနဲ့ ဆာလာအိတ် ၁၀ အိတ်အတွင်းမှ စုစုပေါင်း ကဖင်း ၂၀၀ ကီလို(မူးယစ်ဆေးဝါး တန်ဖိုး ငွေကျပ်သိန်းပေါင်း ၇၂၈,၀၀၀ ကျော်) တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့တာဖြစ်ပါတယ်။
ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာနေ မူးယစ်ဆေးဝါးများပိုင်ရှင် လောက်ယောင်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။