Home
မြန်မာသတင်း
ရခိုင်တိုင်းရင်းသားများ သေဆုံးမှုဝမ်းနည်းကြောင်းနှင့် ဥပဒေချိုးဖောက်သူများကို အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
January 18, 2018
မြောက်ဦးမြို့မှာ ရခိုင်တိုင်းရင်းသားတွေ သေဆုံးဒဏ်ရာရရှိမှု၊  ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့မှုအတွက် ဝမ်းနည်းမိကြောင်းနဲ့ ဖြစ်ရပ်မှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူတွေကို ဥပဒေနဲ့အညီ အရေးယူမယ်လို့  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညက လူစုလူဝေးနဲ့ ဆန္ဒပြပွဲဖြစ်ပွားပြီး ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး ​သေဆုံး၊ ၁၂ ဦး ဒဏ်​ရာရပြီးနောက် မနေ့မနက်က နေပြည်တော်မှာ အစိုးရအဖွဲ့ဝန်ကြီးတွေ တက်ရောက်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ ပြောသွားတာပါ။ ဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အလေးထား ဆောင်ရွက်ရန်ဖို့ ပြောကြားခဲ့တယ်လို့လည်း  နိုင်ငံတော်၏အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။ မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ ဆင်အိုးကြီးကျောင်းတိုက် ဆရာတော်နဲ့ ဒေါက်တာအေးမောင်တို့ ဟောပြောမယ့်ကိစ္စကို သက်ဆိုင်ရာက ခွင့်မပြုကြောင်း တားမြစ်ခဲ့ရာ ဟောပြောပွဲ ကျင်းပရေးအဖွဲ့က အခမ်းအနားမှာ မီးဖြတ်တောက်ခဲ့လို့ ဟောပြောပွဲ လာရောက်သူ ၄၀၀ ဦးလောက်က စတင်စုဝေးအော်ဟစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ရဲချုပ်အောင်ဝင်းဦးတို့က အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ ညပိုင်းမှာ မြောက်ဦးမြို့သူ၊ မြို့သားတွေ စုဝေးရောက်ရှိလာပြီး စာပေဟောပြောပွဲ ပြန်လည်ကျင်းပခွင့်ရရှိရေး ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း အော်ဟစ်ကြွေးကြော်ကာ ခရိုင်ရုံးကို လမ်းလျှောက် ဆန္ဒပြခဲ့ရာ  ည ၉ နာရီကျော်လောက်မှာ အင်အား ၁၀၀၀၀ လောက် ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ တာဝန်ရှိသူတွေက လူစုခွဲဖို့ အသံချဲ့စက်နဲ့ သတိပေး တားမြစ်ခဲ့ပေမယ့် ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ဝင် ၂ ဦးထံက သေနတ် လူယူဖို့ ကြိုးစားတာ၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်တာ၊ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခြံဝင်းတံခါးကို ရိုက်ချိုး ဖျက်ဆီးတာ၊  မော်တော်ယာဉ် ၄ စီးနဲ့  မော်တော်ဆိုင်ကယ် ၅ စီးတို့ကို ဖျက်ဆီးခဲ့လို့ ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်နဲ့ အချက် ၂၀ လောက် ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် အချက် ၄၀ ခန့် အပေါ်ထောင် သတိပေး ပစ်ခတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူစုလူဝေးထဲမှ တချို့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို  လုယူဖို့ ကြိုးစားလာလို့  ကျည်အစစ်နဲ့ ပစ်ခတ်မယ်လို့ အကြိမ်ကြိမ် သတိပေးခဲ့ပြီးနောက် လူစုလူဝေးထဲကို တီ-၅၆ နဲ့ ဘီအေ-၉၄ သေနတ်နဲ့ ၁၀ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့ရမှာ  အမျိုးသား ၇ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဦးဆောင်လှုံ့ဆော်သူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဆက်လက် ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မယ်၊  အရပ်သားသေဆုံးမှုနဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာရဲစခန်းမှာ သေမှုသေခင်းဖွင့်ထားကာ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်ကိုလည်း လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စစ်ဆေးမယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- State Counsellor
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024