ရှားပါးမြန်မာ့ကြယ်လိပ် ခြံလှောင်စနစ်ဖြင့် မွေးမြူအောင်မြင်
ပိုင်စိုး
·
January 17, 2018
မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့တဲ့ ရှားပါးမြန်မာ့ကြယ်လိပ်တွေကို ခြံလှောင်စနစ်နဲ့ မွေးမြူတာ အောင်မြင်နေပြီဖြစ်တာကြောင့် သဘာဝတောတွေထဲကို ပြန်လွှတ်နေပြီလို့ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ က ပြောပါတယ်။
မြန်မာနိုင်ငံမှာရော၊ ကမ္ဘာမှာပါ ရှားပါးနေတဲ့ မြန်မာ့ကြယ်လိပ်ကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူကြလို့ ပြည်ပနိုင်ငံတွေကို တင်ပို့ရင်း မရှိသလောက် ဖြစ်သွားခဲ့တာပါ။
လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာ ကလျာက “ကံကောင်းထောက်မစွာနဲ့ ၂၀၀၂ ခုနှစ်လောက်မှာ တရုတ်ကိုပို့မယ့် ကြယ်လိပ်ကားတစီးကို ဖမ်းမိပြီး အဲဒီလိပ် အကောင်ရေ ၁၀၀ ကျော်ကို ဘေးမဲ့တောလေးခုမှာ ခြံလှောင်မွေးမြူခဲ့တယ်။ ၂၀၁၀ နောက်ပိုင်းမှာတော့ လိပ်တွေ ပေါက်ဖွားနှုန်း ကောင်းလာတယ်။ အခုဆိုရင် ကောင်ရေ သောင်းကျော်ထိ ဖြစ်လာပြီ” လို့ ပြောပါတယ်။
ဒီလိပ်တွေဟာ အပူပိုင်းဒေသ၊ ဆူးချုံတောတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ မျိုးစိတ်တွေ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ခြံလှောင်မွေးမြူပြီး ပေါက်ဖွားလာတဲ့ လိပ်တွေကို ကျောမှာ ထရန်စမစ်တာတွေ တပ်ဆင်လို့ သဘာဝတောထဲကို ပြန်လွှတ်ပြီး ရှင်သန်တဲ့ အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်လို့ ဒေါက်တာ ကလျာကဆိုပါတယ်။
“သူတို့ သွားလာတာ၊ ကိုယ်အလေးချိန်တိုးတာ၊ ခိုးယူခံရလား ဆိုတာတွေ စောင့်ကြည့်တယ်လေ။ အဲလို စောင့်ကြည့်ခဲ့တဲ့ သုံးနှစ်အတွင်း အကောင် ၁၀၀ မှာ ၉၇ ကောင် ရှင်တာကို တွေ့ရတယ်။ ပြီးတော့ သဘာဝတောထဲမှာပဲ အကောင်ပေါက်တာကို မြင်ခဲ့ရတယ်”
ခြံထဲမှာ မွေးမြူပြီး ပေါက်လာတဲ့ ၅ နှစ်သားအရွယ်လိပ်တွေကိုပဲ တောထဲကို ပြန်လွှတ်တာလို့လည်း ဒေါက်တာ ကလျာကဆက်ပြောပါတယ်။
လာမယ့် ဇန်န၀ါရီ ၁၉ ရက်နေ့မှာလည်း ရွှေစက်တော်ဘေးမဲ့တောနဲ့ နွားထိုးကြီးမြို့နယ်၊ မင်းစုံတောင် ဘေးမဲ့တောတွေမှာ လိပ်ကောင်ရေ ၉၀၀ ပြန်လွှတ်ဖို့ရှိပြီး ဒါက ၄ ကြိမ်မြောက်ဖြစ်ပါတယ်။
အခုအချိန်ထိ မွေးမြူထားတဲ့ လိပ်ကောင်ရေ ၂၁၀၀ တောထဲကို ပြန်လွှတ်ပြီးပြီ ဖြစ်ပါတယ်။ ကမ္ဘာပေါ်က လိပ်မျိုးစိတ် ၁၈၀ ထဲမှာ မြန်မာ့ကြယ်လိပ်ဟာ မျိုးသုဉ်းဖို့ အလွန်နီးစပ်တဲ့ ရှားပါး အဆင့် ၁၁ မှာ ရှိနေတာပါ။