ဒုံးကျည်ပစ်လွှတ်မှု မှားယွင်းထုတ်ပြန်မိသည့်အပေါ် NHK ကို ဂျပန်အစိုးရ သတိပေး

ဓာတ်ပုံ - ရိုက်တာ
ဒုံးကျည်ပစ်လွှတ်မှုနဲ့ ပတ်သက်ပြီး သတိပေးချက် မှားယွင်းထုတ်ပြန်မိတဲ့အပေါ် ဂျပန်အစိုးရက NHK သတင်းဌာနကို ပြစ်တင်သတိပေးလိုက်ပါတယ်။ မြောက်ကိုရီးယားက ဒုံးကျည်တစင်း ပစ်လိုက်ပုံရတယ်ဆိုတဲ့ သတိပေးချက်ကို မှားယွင်း ထုတ်ပြန်ခဲ့တဲ့ NHK သတင်းဌာနအနေနဲ့ အခုလို အမှားထပ်မဖြစ်ဖို့ ဂျပန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။ “သတိပေးချက်ထုတ်တဲ့ စက်ကိုင် ဝန်ထမ်းတဦးကနေ မှားထုတ်မိတယ်ဆိုတာကို NHK က ကျနော်တို့ကို ပြောထားပါတယ်။ ဒါပေမယ့် သတိပေးစနစ်ဟာ ပြည်သူတွေ ဘေးကင်း လုံခြုံရေးအတွက် သိပ်ကို အရေးပါတဲ့ သတင်းအချက်အလက်စနစ် ဖြစ်လို့ အမှားထပ်မဖြစ်အောင် လုပ်ထားဖို့ ကျနော်တို့ တိုက်တွန်းထားပါတယ်” လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန် ယိုရှိဟိဒဲ ဆုငက ပြောပါတယ်။ အခုလို သတိပေးချက် အမှားကို ငါးမိနစ်အတွင်း ပြင်ဆင်ချက် ပြန်ထုတ်နိုင်ခဲ့လို့ လူတွေ အထိတ်တလန့်ဖြစ်တာမျိုး မရှိခဲ့ဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။ ဒီသတိပေးချက်ဟာ NHK ရဲ့ အင်တာနက်စာမျက်နှာနဲ့ သတင်းဌာနကို ကြည့်ရှုဖို့ မှတ်ပုံတင်ထားတဲ့ မိုဘိုင်းဖုန်း သုံးစွဲသူတွေဆီကိုပဲ ရောက်ခဲ့တာပါ။ အမေရိကန် ကုန်းတွင်းပိုင်းအထိ ရောက်အောင် ပစ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်သစ်တမျိုးကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ပြီလို့ မြောက်ကိုရီးယားက နိုဝင်ဘာလမှာ ပြောခဲ့ပါတယ်။ ဒါကြောင့် ဒေသတွင်း တင်းမာမှု မြင့်တက်နေချိန်မှာ အခုလို သတိပေးချက် မှားယွင်း ထုတ်ပြန်မိခဲ့တာပါ။   ဂျပန်နဲ့ အမေရိကန်ကို ဖျက်ဆီးမယ်လို့ မြောက်ကိုရီးယားနိုင်ငံက ခဏခဏ ခြိမ်းခြောက်လေ့ ရှိပါတယ်။ အခုလို သတိပေးချက် မှားယွင်းထုတ်ပြန်တာမျိုး ဟာဝိုင်အီကျွန်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ဖြစ်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up