A d v e r t i s e m e n t With Us

အန်စီအေကို တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် ဖော်ဆောင်ရန်တိုက်တွန်း

  တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(အန်စီအေ)ကို အကောင်အထည်ဖော်ရာမှာ  တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှုရှိဖို့ လိုတယ်လို့ ကရင်အမျိုးသာစည်းအရုံး ကေအန်ယူက  ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးက ပြောပါတယ်။ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ ဇန်န၀ါရီ ၁၇ရက်မနက်လုပ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ “အန်စီအေစာချုပ်ကို အကောင်အထည်ဖော်ရတာ ထင်သလောက် မလွယ်ကူဘူး။ လက်နက်ကိုင်နှစ်ဘက်အကြား သံသယနဲ့  စိုးရိမ်စိတ်များ ရှိနေသေးလို့သံသယနဲ့ စိုးရိမ်စိတ်များ တိုးပွားစေနိုင်တဲ့  အပြောအဆို အပြုအမူများကို နှစ်ဘက်လုံးက အထူးသတိထားရမှာ ဖြစ်တယ်။ အန်စီအေ သက်တမ်း ၂ နှစ်ကျော်လာပြီဖြစ်လို့  အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တန်းတူညီမျှမှု၊ အပြန်အလှန် လေးစားမှု ရှိဖို့  လိုအပ်တယ်။” ဗိုလ်ချုပ်စောအိုင်းဇက်ဖိုးဟာ  JMC-U ဒုတိယဥက္ကဋ္ဌဖြစ်ပြီး အစည်းအဝေးဖွင့်ပွဲမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။ သူက အန်စီအေပါ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို နှစ်ဘက်လက်နက်ကိုင်တပ်တွေက ဖောက်ဖျက်မှုရှိ-မရှိ စောင့်ကြည့်ရမှာဖြစ်ပြီး ဖောက်ဖျက်ရင် စိစစ်အတည်ပြု အရေးယူ ဖြေရှင်းရမှာ ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။ JMC-U ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်ကလည်း “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို ငြိမ်းချမ်းရေးမဟာဗျူဟာအဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့တယ်၊ အန်စီအေကို အခြေခံပြီး ရည်မှန်းချက် ချမှတ်ဆောင်ရွက်ရာမှာ ရည်မှန်းချက်နဲ့  ရည်မှန်းချက်သို့ သွားရာလမ်းကြောင်း တူညီဖို့ လိုအပ်တယ်၊ ဒါမှပဲ  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အခက်အခဲမရှိ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)ရဲ့ ဒီနေ့ အစည်းအဝေးမှာ အစိုးရကိုယ်စားလှယ်အဖွဲ့ဝင်တွေ အစားထိုးခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနဲ့  ဒုဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း) တို့အစား ဒုဗိုလ်ချုပ်ကြီးအေးဝင်းနဲ့ ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ငြိမ်း) ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ် ပဒိုစောတာဒိုမူးအစား ပဒိုစောဆဲဂေတို့ကို ကော်မတီဝင်တွေအဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။ JMC-U အစည်းအဝေးကို ဇန်နဝါရီ ၁၇ ရက်ကနေ  ၁၉ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up