A d v e r t i s e m e n t With Us

ဖြူးမြို့၌ အန်အယ်လ်ဒီလူငယ်ညီလာခံ ကျင်းပ

  ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ လူငယ်ညီလာခံကို ဇန်နဝါရီ ၁၇ ရက်မနက်က  ဖြူးမြို့စည်ပင်ခန်းမမှာ ကျင်းပခဲ့ပါတယ်။ လူငယ်တွေကို အနာဂတ်နိုင်ငံရေးကို ဦးဆောင်မှုပေးဖို့နဲ့ အခုရွေးချယ်လိုက်တဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအကူးအပြောင်းကို ဆက်လက်ဆောင်ရွက်နိုင်ဖို့နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ရဲ့အနာဂတ်မျိုးဆက်သစ်များမွေးထုတ်နေခြင်းဖြစ်တယ်လို့ ဖြူးမြို့နယ် လူငယ်ရွေးကောက်ပွဲကော်မရှင်ကျင်းပရေးဥက္ကဋ္ဌ ဦးစိုးလွင်က ပြောပါတယ်။ “အနာဂတ် မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ မျိုးဆက်သစ်လူငယ်လူရွယ်တွေ ပခုံးပြောင်း တာဝန်ပေးနိုင်ဖို့နဲ့ အန်အယ်လ်ဒီပါတီရဲ့ လူငယ်မျိုးဆက်သစ် ဖော်ထုတ်ခြင်း ရည်ရွယ်ချက်တွေပါ။ ၂၀၂၀ မှာလည်း လူငယ်တွေကို ပခုံးပြောင်းပေးနိုင်ဖို့လည်း ပါပါတယ်။ လူငယ်တွေကလည်း ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ သွားတဲ့အခါမှာ လူကြီးတွေရှေ့တန်းက တိုင်းပြည်ရဲ့အပြောင်းအလွှဲတစ်ခုကို မဆုတ်မနစ်ကြိုးစားဆောင်ရွက်ခဲ့တဲ့အပေါ်မှာ ဆက်လက် ပြီးတော့ မြန်မာနိုင်ငံမှာ အဓွန့်ရှည်ပြီး ရေရှည်တည်တံ့ဖို့ သူတို့တတွေလည်း မှန်မှန်ကန်ကန်နဲ့ တာဝန်ရှိမှု၊ တာဝန်သိမှုတွေနဲ့ ဦးဆောင်စေချင်တယ်" အခုလက်ရှိကျင်းပနေတဲ့ လူငယ်ညီလာခံမှ မြို့နယ်လူငယ်လုပ်ငန်းအဖွဲအတွက် ၁၉ ဦး ခရိုင်လူငယ်ကိုယ်စားလှယ်အဖြစ် ၁၅ ဦးနဲ့ တိုင်းကိုယ်စားလှယ်အဖြစ် ၇ ဦးကို ရွေးချယ်ပေး သွားမှာဖြစ်တယ်လို့ ဖြူးမြို့နယ် လူငယ်ညီလာခံကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးသိန်းမြင့်က ပြောပါတယ်။ အခုလက်ရှိ လူငယ်ပါတီဝင် ၃၀၀ ကျော်ရှိကာ ပထမအကြိမ်လူငယ်ညီလာခံ ကိုတော့ ၂၀၁၄ ဧပြီလမှာ ကျင်းပခဲ့ပြီး လူငယ်ပါတီဝင် ၂၇၀ ကျော်တက်ရောက်ခဲ့ကာ ကိုယ်စားလှယ် ၁၅ ဦး ရွေးချယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)

A d v e r t i s e m e n t With Us

More News
Up