ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ဒုတိယအကြိမ် ထောင်ဒဏ်ချမှတ်ခံရ

ဟောင်ကောင် ဒီမိုကရေစီ ခေါင်းဆောင် ဂျိုရွှာဝေါင်ကို ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။
ဟောင်ကောင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အသက် ၂၁ နှစ်အရွယ် ဂျိုရွှာဝေါင်ဟာ ဒုတိယအကြိမ် ထောင်ဒဏ် ၃ လကို ဇန်နဝါရီ ၁၇ ရက်မှာ ချမှတ်ခံခဲ့ရပါတယ်။ ဒီမိုကရေစီ လိုလားတဲ့ ၂၀၁၄ ထီးလှုပ်ရှားမှုအတွင်း သူ့အခန်းကဏ္ဍအတွက် ခုလို ထောင်ဒဏ်ချမှတ်ခံရတာပါ။
ဝေါင်ဟာ လမ်းပေါ် ပိတ်ဆို့ဆန္ဒပြနေချိန်မှာ ဆန္ဒပြနေတဲ့ နေရာကနေ ထွက်သွားဖို့ တရားရုံး အမိန့်စာကို နာခံဖို့ ငြင်းဆန်အပြီး အာခံမှုနဲ့ တရားစီရင်ခံရပါတယ်။
သူက တရားရုံးမှာ သူ့အပေါ် စွဲချက်တွေကို တုံ့ပြန်တာ မလုပ်ခဲ့ပါဘူး။ လဲ့စ်တာ ရှမ်းအပါအဝင် တခြား တက်ကြွလှုပ်ရှားသူ အတော်များများလည်း အဖမ်းခံခဲ့ရပါတယ်။
ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လဲ့က်စ်တာ ရှမ်းက “ကျနော်တို့ ခန္ဓာကိုယ်ကိုသာ ပိတ်ထားလို့ ရမယ်။ ကျနော်တို့စိတ်ကို ပိတ်ထားလို့ မရဘူး။ ကျနော်တို့ လုပ်ဖို့ မျှော်လင့်ထားတာက ထောင်ဒဏ်ကို ရင်ဆိုင်ဖို့လိုမယ် ဆိုရင်တောင် အနာဂတ်မှာ ဒီမိုကရေစီအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ် ဆိုတာပဲ”လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်ခွဲက ထီးလှုပ်ရှားမှု ဘာကြောင့် ပေါ်လာတာလဲ ဆိုတာ မမေ့ကြပါနဲ့၊ လူတသန်းကျော်က သြဂုတ် ၃၁ ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စက္ကူဖြူစာတမ်းကို ဦးညွှတ်ဖို့နဲ့ တရုတ်အစိုးရကို ဦးညွှတ်ဖို့ ငြင်းဆန်လို့ ပေါ်ပေါက်လာတာပါလို့ ပြောပါတယ်။
ဝေါင်ဟာ တရားမဝင် စုဝေးမှုအတွက် ကျန်ခဲ့တဲ့ သြဂုတ်လက ထောင်ဒဏ် ၆ လ ပြစ်ဒဏ်ကို ကျခံခဲ့ရပြီးပါပြီ။
ဒါပေမယ့် အဲဒီအမှုအတွက် သူ့ကို ဟောင်ကောင်ရဲ့ အဆင့်အမြင့်ဆုံး တရားရုံးက အင်္ဂါနေ့မှာ အာမခံပေးခဲ့ပါတယ်။
လက်ရှိအမှုအတွက် အာမခံကိုတော့ နောက်နေ့မှာ ဆုံးဖြတ်မယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။