ချီကာဂိုတွင် အအေးလှိုင်း ထပ်ဖြတ်၊ ရေခဲပန်းခြံကြီးလို ဖြစ်သွားသည့် မီချီဂန်ရေကန်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်က ချီကာဂိုမြို့မှာရှိတဲ့ မီချီဂန်ရေကန် ကမ်းခြေဟာ အအေးလှိုင်း နောက်တကျော့ ဖြတ်သန်းခံရအပြီး တနင်္လာနေ့ ညတွင်းချင်းမှာပဲ ရေခဲပန်းခြံကြီးတခုလို ဖြစ်သွားပါတယ်။ သစ်ပင်နဲ့ မြက်ပင်တွေအားလုံးကို ရေခဲတွေက ဖုံးအုပ်ထားပါတယ်။ နှစ်သစ်ကာလအတွင်း ဒုတိယအကြိမ် အအေးပြင်းထန်မှုဟာ အီလီနွိုက်၊ အင်ဒီယားနား၊ မီချီဂန်နဲ့ နိုင်ငံအနောက်ပိုင်း၊ အလယ်ပိုင်းဒေသတွေအထိ ပျံ့နှံ့ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ နှင်းတွေ အရမ်းကျခဲ့ပြီး အပူချိန်က အနိမ့်ဆုံးအမှတ် အနုတ် ၁၅ ဒီဂရီ ဆဲလ်စီးယပ်အထိ ကျဆင်းခဲ့ပါတယ်။ နောက်ဆုံး သုံးရက်မှာ နေရာအတော်များများကို ဖုံးအုပ်ထားတဲ့ နှင်းထုဟာ ၁၀ စင်တီမီတာ အထက်မှာ ရှိနေပါတယ်။ မီချီဂန် ရေပြင်နားမှာတော့ နှင်းတွေဟာ ဒူးခေါင်းလောက်အထိ ရှိနေပါတယ်။ ရေကန်ကမ်းခြေမှာရှိတဲ့ အရာအားလုံးကို နှင်းတွေ ဖုံးလွှမ်းနေပြီး အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ရေခဲပန်းပုရုပ်တွေလို ဖြစ်နေကြတာကို ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up