မြောက်ဦးပစ်ခတ်မှုတွင် ဒဏ်ရာရသူများ စစ်တွေဆေးရုံအရေးပေါ်ရောက်ရှိ
DVB
·
January 17, 2018
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဆန္ဒပြလူစုလူဝေးကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရမှာ ဒဏ်ရာရရှိသွားသူတွေအထဲက ၆ ဦး စစ်တွေပြည်သူ့ ဆေးရုံကို ဒီကနေ့ မနက်ပိုင်းက ရောက်ရှိလာပါတယ်။
ဒဏ်ရာရရှိလာသူ ၆ ဦးဟာ လတ်တလော စစ်တွေပြည်သူ့ဆေးရုံ အရိုးဆောင်မှာ အရေးပေါ်ဆေးကုသမှုခံယူနေရတယ်လို့ ဒဏ်ရာရသူတွေရဲ့ မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။
မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့အောင်မြတ်မိုးက ဒီမနက် ၁၀ နာရီခွဲလောက်က ဒီဗွီကိုပြောပါတယ်။
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို သွားရောက် စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
မြောက်ဦးဖြစ်စဉ်နဲ့ပတ်သတ်လို့ တိတိကျကျသိရဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကနေ့မနက် ဒေသခံသတင်း ထောက်တွေက သွားရောက်မေးမြန်ဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဒါ့အပြင်ရခိုင်ပြည်နယ်အစိုးရုံးကို မေးမြန်းရာမှာလည်း ပြည်နယ်အစိုးရအဖွဲ့က မြောက်ဦး ဖြစ်စဉ်နဲ့ ပတ်သတ်လို့ အသေးစိတ်ကို မသိရှိသေးလို့ မဖြေကြားနိုင်ဘူးလို့ ပြန်လည်ဖြေဆိုခဲ့ ပါတယ်။
လက်ရှိဒဏ်ရာရ လူနာတချို့ကတော့ မြောက်ဦးပြည်သူ့ဆေးရုံမှာ ဆက်လက် ဆေးကုသမှုခံယူနေကြပြီး သေဆုံးသွားသူတွေရဲ့ အလောင်းကိုတော့ မြောက်ဦးပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်မှာထားတယ်လို့ မြောက်ဦးကိုရောက်ရှိနေတဲ့ ရခိုင်အမျိုးသားပါတီဝင် ဦးခိုင်မိုးက ပြောပါတယ်။
ဝဏ္ဏခွာညို