လူနေဒေသကို ပစ်မှတ်ထားပြီး ဆီးရီးယားအစိုးရတပ် တိုက်ခိုက်ဟု လူ့အခွင့်အရေးအဖွဲ့ ပြော

1.1K
ဆီးရီးယားနိုင်ငံ အရှေ့ဂူတာဒေသမှာ လူနေဒေသတွေကို ပစ်မှတ်ထားပြီး အစိုးရတပ်တွေက တိုက်ခိုက်နေတယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောပါတယ်။
ဆီးရီးယား အစိုးရတပ်တွေဟာ နောက်ဆုံး လေကြောင်းတိုက်ခိုက်မှုမှာ အာဘင်၊ ဟာရက်စတာနဲ့ ဒုံမာမြို့ နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
ဒုံမာနဲ့ အာဘင်ဒေသကို အစိုးရတပ်တွေက တိုက်ခိုက်ရာမှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိခဲ့ပါဘူး။
ဟာရက်စတာမြို့ကို ဗုံး ၂၅ လုံး ကြဲခဲ့ရာမှာတော့ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ရဲ့ အဆိုအရ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဆီးရီးယားအစိုးရနဲ့ မဟာမိတ်တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သူပုန်တွေ ထိန်းချုပ်ထားတဲ့ အရှေ့ဂူတာဒေသမှာ အခုနှစ်အတွင်း အရပ်သား ၈၅ ဦးထိ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကြေညာခဲ့ပါတယ်။