မြောက်ဦးဖြစ်စဉ်တွင် လူ ၇ ဦး သေဆုံး၊ ၁၂ ဦး ဒဏ်ရာရဟု ရခိုင်ပြည်နယ် ရဲမှူးကြီးအတည်ပြု

2.2K
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၇ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရတယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ဒီဗွီဘီကို ပြောပါတယ်။
မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို ကျင်းပခွင့် မရတဲ့အတွက် ဒေသခံတွေက အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းကို သွားရောက် စုဝေးတောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
သက်ဆိုင်ရာက လူစုခွဲဖို့ သတိပေး ပြောကြားခဲ့ပေမယ့် လူစုခွဲခြင်းမရှိဘဲ ခဲတွေနဲ့ ပြန်လှန်ပစ်ပေါက်ခဲ့ကြလို့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရတယ်လို့ မြောက်ဦး မြို့နယ်ရဲစခန်းကဆိုပါတယ်။
လတ်တလောမှာ ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင် ဆေးကုသမှု ခံယူနေတယ်လို့ မျက်မြင်သက်သေက ပြောပါတယ်။
ဝဏ္ဏခွာညို