ကျားဖြူပါတီရုံးသို့ ရှမ်းနိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့များ လည်ပတ်
နန်းမြနဒီ
·
May 2, 2012
၂၀၁၀ ရွေးကောက်ပွဲက ရှမ်းပြည်နယ်မှာ အနိုင်ရခဲ့တဲ့ ကျားဖြူပါတီလို့ ခေါ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရုံးကို ရှမ်းနိုင်ငံရေးအဖွဲ့နဲ့ လက်နက်ကိုင်အဖွဲ့က ပုဂ္ဂိုလ်တွေ မေလ ၂ ရက်နေ့ နေ့ခင်းပိုင်းက သွားရောက် လည်ပတ်ခဲ့ပါတယ်။
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာရှိတဲ့ ကျားဖြူပါတီရုံးကို ရှမ်းနိုင်ငံရေးပါတီတခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်နဲ့ အဖွဲ့ဝင်တွေရော၊ မကြာသေးခင်ကမှ အစိုးရနဲ့ အပစ်ခတ်ရပ်ရေး သဘောတူညီမှုရထားတဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်းအဖွဲ့က ခေါင်းဆောင် ဗိုလ်ချုပ်ဆေးထင်၊ အပစ်ရပ်ထားတဲ့ စိန်ကျော့အဖွဲ့က ဗိုလ်ချုပ် ကိုင်ဖနဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့က ပုဂ္ဂိုလ်တွေပါ သွားရောက် လည်ပတ်ခဲ့တာပါ။
အထူးတလည် နိုင်ငံရေးဆွေးနွေးတာတော့ မရှိပါဘူးလို့ ပြောပါတယ်။ ဒီလို အာဏာရ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့တွေ စုံစုံညီညီ တွေ့ဆုံခဲ့ရတဲ့ အပေါ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ခုလိုပြောပါတယ်။
“ထူးခြားချက်တခုလို့ ပြောလို့ရတာပေါ့။ အရင်တုန်းကတော့ လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းတောင် တပြိုင်တည်း တွေ့လေ့တွေ့ထ မရှိဘူး။ တခြားအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံခွင့်မရဘူး။ အခုတော့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရပြီးတော့ ကျနော်တို့နောက်ကို လိုက်ပြီးတော့ သတင်းယူတာမျိုး၊ ဓာတ်ပုံရိုက်တာမျိုး မရှိတာက ထူးခြားချက် တခုပေါ့။”
ဒီ နိုင်ငံရေးနဲ့လက်နက်ကိုင်အဖွဲ့က ပုဂ္ဂိုလ်တွေဟာ ဒီကနေ့ မနက်ပိုင်းက နဂါးဗွက်ကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့က ဦးမြင့်သန်း ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အခမ်းအနားကိုလည်း တက်ရောက်ခဲ့တယ်လို့ ဦးစိုင်းလိတ်က ဆက်ပြောပါတယ်။
ဦးမြင့်သန်းဟာ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့နဲ့ အတူ ၂၀၀၅ ခုနှစ်က နိုင်ငံရေးမှုနဲ့ အဖမ်းဆိးခံခဲ့ရပြီး ရခိုင်ပြည်နယ် သံတွဲထောင်မှာ နှစ်ရှည်ထောင်ဒဏ်ကျခံရင်း ၂၀၀၆ ခုနှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။
ဦးမြင့်သန်းကို ရည်စူးပြီး ဆွမ်းဆက်ကပ်တဲ့ အခမ်းအနားကို ရှမ်းနိုင်ငံရေးပါတီ၊ ရှမ်းပြည်မျိုးဆက်သစ်လူငယ်အဖွဲ့၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်းက ပုဂ္ဂိုလ်တွေရော၊ ၈၈ မျိုးဆက်သစ် ကျောင်းသားအဖွဲ့တွေပါ လူပေါင်း ၂၀၀ လောက် တက်ရောက်ခဲ့တယ်။
ရှမ်း နိုင်ငံရေးနဲ့ အပစ်ရပ်အဖွဲ့က တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ မနက်ဖန်ကျရင် ရှမ်းပြည်ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွေနဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်အဖွဲ့ဟာ မကြာခင် ရန်ကုန်မြို့မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးဖို့ ရှိတယ်လို့ ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။