A d v e r t i s e m e n t With Us

အီးယူမှနုတ်ထွက်မည့် ဗြိတိန်သဘောထား ပြောင်းလဲရန် မျှော်လင့်နေဆဲဟု ဆို

အီးယူက နုတ်ထွက်မယ့် ဗြိတိန်ရဲ့ သဘောထားကို ပြောင်းလဲဖို့ မျှော်လင့်နေဆဲလို့ ဥရောပကောင်စီဥက္ကဋ္ဌ ဒေါနယ် တက်စ်ခ်က ဇန်နဝါရီ ၁၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ ပြင်သစ်နိုင်ငံ စထရပ်ဘူမြို့မှာ ပြုလုပ်ခဲ့တဲ့ ဥရောပပါလီမန် အစည်းအဝေးတခုမှာ တက်စ်ခ်က အခုလို ပြောခဲ့တာပါ။ အစည်းအဝေးပွဲမှာ အီးယူက နုတ်ထွက်ရေးအတွက် ဗြိတိန်မှာ ဒုတိယအကြိမ် ဆန္ဒခံယူပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိအပေါ်မှာလည်း အငြင်းပွားမှု နည်းနည်းရှိခဲ့ပါတယ်။ အီးယူ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်မယ့် ဗြိတိန်အစိုးရရဲ့ သဘောထား မပြောင်းလဲခဲ့ရင် လာမယ့်နှစ် မတ်လမှာ ဥရောပသမဂ္ဂအဖွဲ့က ဗြိတိန် နုတ်ထွက်မှုဟာ အမှန်တကယ် ဖြစ်လာလိမ့်မယ်လို့ ပါလီမန်အစည်းအဝေးမှာ တက်စ်ခ်က ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ အပြုသဘော မဆောင်ဘူးလို့လည်း သူက ပြောပါတယ်။ အီးယူကော်မရှင်ဥက္ကဋ္ဌ ယန်းကလော်ဒီယန်ကာကလည်း တက်စ်ခ်ရဲ့ အဆိုကို ဗြိတိန်က ကောင်းစွာကြားသိဖို့ မျှော်လင့်တယ်လို့ ပါလီမန်အဖွဲ့ဝင်တွေကို ပြောတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေဟာ အီးယူက ဗြိတိန် နုတ်ထွက်ရေးကို လိုက်နာ ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားပြီးပြီလို့ ထုတ်ပြောထားပါတယ်။ အီးယူအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ရေးအတွက် ဗြီတိန်နဲ့ အီးယူဟာ ၂၀၁၇ ခုနှစ်မှာ ပထမအကြိမ် ဆွေးနွေးခဲ့ပြီးပါပြီ။ ကုန်သွယ်ရေးနဲ့ အကူးအပြောင်းကာလ စတဲ့ ကိစ္စရပ်တွေကို ဆက်ဆွေးနွေးညှိနှိုင်းဖို့ ကျန်နေသေးတဲ့အကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up