ငြိမ်းချမ်းရေး ပွင့်လင်းလူ့အဖွဲ့အစည်း မိတ်ဆက်ဆွေးနွေးပွဲ
အေးနိုင်
·
May 3, 2012
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ တောင်ကြီးမြို့ခံလူထုနဲ့ တွေ့ဆုံပြီး အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထူထောင်လှုပ်ရှားကြဖို့ တိုက်တွန်းပါတယ်။
ကိုမင်းကိုနိုင်က “အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့ ဘာကြောင့်လိုသလဲဆိုတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ အားမကောင်းရင် လက်နက်ကိုင် အဖွဲ့အစည်းကပဲ အားကောင်းပါလိမ့်မယ်။ လက်နက်ကိုင် အဖွဲ့အစည်း ဆိုတာကတော့ လက်နက်ကို အားကိုးတာပေါ့။ ဒါကတော့ ရှင်းပါတယ်။ အဲဒီတော့ တောရိုင်းဥပဒေလို နိုင်ရာစား အားကြီးတဲ့သူက အားငယ်တဲ့သူကို ဗိုလ်ကျအနိုင်ကျင့်တဲ့ တောရိုင်းဥပဒေလို မဖြစ်ရအောင် ကျနော်တို့ အရပ်သားတွေက ညီညွတ်ဖို့၊ ကျောချင်းကပ်ထားဖို့၊ လက်ချင်းချိတ်ထားဖို့၊ ဒါကိုပဲ စကားလုံးအနေနဲ့ပြောတော့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းဖို့လို့ ပြောကြတာပါ။”
၈၈ မျိုးဆက်ကျောင်းသားတွေဟာ လွှတ်တော်ပြင်ပနိုင်ငံရေးကို လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်လို့လည်း သူက ပြောဆိုရှင်းလင်းပါတယ်။
“ကျတော်တို့တတွေ နောက်ဆုံး ထောင်ကလွတ်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီက လွှတ်တော်တွင်း ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်ပြီးချိန် ဖြစ်ပါတယ်။ အဲဒီလို လွှတ်တော်တွင်းမှာ ဥပဒေပြုရေးအာဏာအတွက် ဥပဒေပြုရေး ကြိုးစားကြမယ်ဆိုတဲ့ အင်အားစုတွေ အားမွေးနေတဲ့အချိန်မှာ လွှတ်တော် အပြင်မှာရှိတဲ့ သာမန်ပြည်သူတွေနဲ့ အတူနေပြီးတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးကို လုပ်ဖို့ အင်အားစုတရပ် မဖြစ်မနေ လိုအပ်တယ်လို့ ယူဆတဲ့အတွက် လွှတ်တော်ပြင်ပနိုင်ငံရေးကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။
“ပြည်သူလူထုနဲ့အတူနေ ပြည်သူလူထုနဲ့ အတူပြောဆို၊ ပြည်သူလူထုရဲ့ အသံကိုနားထောင်၊ ပြည်သူလူထုနဲ့အတူ အခွင့်အရေးတွေ တောင်းဆိုတဲ့ နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းမှာ နေမယ်လို့ ဆုံးဖြတ်တာပါ။”
ဒီမနက် ဆယ်နာရီခန့်က တောင်ကြီးမြို့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်းပိုင် မင်္ဂလာခန်းမမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမင်းဇေယျာတို့က ဟောပြောခဲ့ကြပြီး တက်ရောက်လာသူတွေနဲ့ အပြန်အလှန် မေးမြန်းဆွေးနွေးကြပါတယ်။
တောင်ကြီးမြို့ခံလူထုက ၈၈ မျိုးဆက်ကျောင်းသားတွေကို အခမ်းအနား မစတင်ခင်မှာ နှင်းဆီနီတပွင့်ဆီ လက်ဆောင်ပေးခဲ့ကြပါတယ်။
အဲဒီနှင်းဆီပန်းတွေကို ကိုယ်စီကိုင်ထားတဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသား ၂၀ ခန့်ဟာ စင်မြင့်ပေါ်ကို တက်ရောက်ပြီး အကျဉ်းထောင်တွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ဆုတောင်းပြီး အသင့်ချထားတဲ့ အနက်ရောင်ပိတ်စပေါ်မှာ တင်ခဲ့ကြတယ်လို့ အခမ်းအနား တက်ရောက်နေသူတဦးက ပြောပါတယ်။
နေ့ခင်းပိုင်းမှာ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ ရှမ်းအပစ်ရပ်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊ ပရဟိတအသင်းတွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားတွေဟာ ငြိမ်းချမ်းရေး ပွင့်လင်း လူ့အဖွဲ့အစည်း မိတ်ဆက် ဆွေးနွေးပွဲတွေကို ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တွေကို သွားရောက်ဆွေးနွေးခဲ့သလို အခု ရှမ်းပြည်နယ်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။