Homeမြန်မာသတင်း
ယခင်အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို စည်းကမ်းနှင့်မညီဘဲသုံးစွဲမှု စစ်ဆေးတွေ့ရှိ
ယခင်အစိုးရလက်ထက်က ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကို စည်းကမ်းနှင့်မညီဘဲသုံးစွဲမှု စစ်ဆေးတွေ့ရှိ
နေဖြိုးဝင်း
·
January 17, 2018
အရင်အစိုးရလက်ထက်က တိုင်းနဲ့ ပြည်နယ်တွေရဲ့ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲတာတွေနဲ့ ပတ်သက်ပြီး စည်းကမ်းချက်နဲ့မကိုက်ညီတာတွေ စစ်ဆေးတွေ့ရှိရတယ်လို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းကပြောပါတယ်။
ဇန်နဝါရီ ၁၆ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်မှာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုခဲ့တာပါ။
စစ်ဆေးတွေ့ရှိချက်တွေအရ ရန်ပုံငွေသုံးစွဲတာတွေဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မကိုက်ညီတာတွေများပြီး မကွေးတိုင်းက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
“ဘယ်လိုပုံစံမျိုးတွေလဲ ဆိုတော့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မကိုက်တာပေါ့။ ငွေသုံးတဲ့နေရာမှာ အတွက်အချက်လွဲတာတို့၊ ခန့်မှန်းခြေပြန်ပြီး မတင်ပြဘဲနဲ့ သုံးတာတို့ ဒီလို ကိစ္စမျိုးတွေ ရှိတယ်။ မကွေးနဲ့ ဧရာဝတီလို့ ကိစ္စတွေလည်း အထိုက်အလျောက်တော့ ပါပါတယ်။ ဧရာဝတီက မကွေးလောက်တော့ မများဘူး။ မကွေးကတော့ များတယ်” လို့ ပြောပါတယ်။
ဒီတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံးကို ၂၀၁၇ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ၊ နိုဝင်ဘာလလောက်တုန်းက တင်ပြထားတယ်လို့လည်း ဦးမော်သန်းက ပြောပါတယ်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ စစ်ဆေးတွေ့ရှိချက်တွေကိုပဲ တင်ပြရတာဖြစ်ပြီး အရေးယူတဲ့ ကိစ္စတွေကိုတော့ သမ္မတရုံးက ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။