လူငယ်စာရေးဆရာဝေဟင်အောင် စစ်တွေမြို့နေအိမ်တွင်ဖမ်းဆီးခံရ
လူငယ်စာရေးဆရာတဦးဖြစ်တဲ့ ဝေဟင်အောင်ကို ဇန်န၀ါရီ ၁၆ရက် ညနေ ၅နာရီခွဲလောက်က စစ်တွေမြို့နေအိမ်မှာ အာဏာပိုင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဒီဗွီဘီကိုပြောပါတယ်။
စာရေးဆရာဝေဟင်အောင်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့ စစ်တွေခရိုင် ရဲတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်တာဖြစ်ပြီး ရသေ့တောင်ရဲစခန်းကို ပို့ဆောင်မယ်လို့ ဦးခိုင်ကောင်းစံကပြောပါတယ်။
“ဆရာဝေဟင်အောင်အိမ်ကို လာဖမ်းတာပြီးတော့ ခရိုင်ရုံးကိုခေါ်သွားတယ်။ ဆရာဝေဟင်အောင်ကို စစ်တွေခရိုင်ရုံးမှာ စစ်ဆေးနေတုန်းပါ။ အခုကျနော်စစ်တွေခရိုင်ရုံးကိုရောက်ရှိနေပါတယ်။ ရသေ့တောင်စာပေဟောပြောပွဲကိစ္စနဲ့ ဖမ်းဆီးခံရတာ”လို့ပြောပါတယ်။
ဇန်န၀ါရီ ၁၅ရက်ညက ရသေ့တောင်စာပေဟောပြောပွဲမှာစာရေးဆရာ ဝေဟင်အောင်အပါအဝင် ဒေါက်တာအေးမောင်လည်းပါဝင်ဟောပြောခဲ့ပါတယ်။
စာရေးဆရာဦးဝေဟင်အောင်ဟာ ဝေဟင်အောင်ပရဟိအဖွဲ့အမည်နဲ့ ရခိုင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့အပြင် လူငယ်တွေပညာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တက်ကြွလှုပ်ရှားနေသူလည်းဖြစ်ပါတယ်။
သတင်း-ဝဏ္ဏခွာညို