A d v e r t i s e m e n t With Us

မြောက်ဦး ဆန္ဒပြပွဲကို ရဲက ပစ်ခတ်လူစုခွဲ၊ ၁ ဦး သေဆုံး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့မှာ ဇန်န၀ါရီ ၁၆ ရက်ညနေပိုင်းက လူစုလူဝေးနဲ့ ဆန္ဒပြပွဲ ဖြစ်ပွားပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်လူစုခွဲခဲ့ရာမှာ လူ ၁ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ မျက်မြင်သက်သေ ကိုခိုင်မိုးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော် ဆေးရုံလိုက်သွားတယ်။ ၁၀ ဦးထက် မနည်းဘူး။ ဒဏ်ရာရထားတာ။ ပြင်းထန်တဲ့သူတွေလည်း ရှိတယ်။ တဦးကတော့ သေဆုံးနေပြီ၊ ကျနော်ကိုယ်တိုင် မြင်ခဲ့တာ။ သူ့ရဲ့ခါးမှာ သေနတ်ဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွားတာ။ ဆန္ဒပြတဲ့သူတွေကို ရဲက သေနတ်နဲ့ လူစုခွဲတာ”လို့ ဒီဗွီဘီကို ပြောပါတယ်။ မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံတော်အချုပ်အခြာအာဏာ ကျရှုံးခြင်း အခမ်းအနားကို မနေ့က ကျင်းပခွင့် မရတဲ့အတွက် မြောက်ဦးမြို့ ဒေသခံတွေက မြို့နယ်​အုပ်​ချုပ်​​ရေးမှူးရုံးနဲ့ ရဲစခန်းကို သွား​ရောက်​ စု​ဝေး​တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ သက်​ဆိုင်​ရာက လူစုခွဲဖို့ သတိ​ပေး ​ပြောကြား​ခဲ့ပေမယ့် လူစုခွဲခြင်းမရှိဘဲ ခဲတွေနဲ့ ပြန်​လှန်​ပစ်​​ပေါက်​ခဲ့ကြလို့ ရဲတပ်​ဖွဲ့ဝင်​တွေက ​သေနတ်​ပစ်​​ဖောက်​ ဟန့်​တားခဲ့​ရ​တယ်လို့ ​မြောက်​ဦး မြို့နယ်​ရဲစခန်းက ဆိုပါတယ်​။ လတ်တလောမှာ ဒဏ်ရာရရှိသူတွေကို မြောက်ဦးဆေးရုံကို ပို့ဆောင် ဆေးကုသမှု ခံယူနေတယ်လို့ မျက်​မြင်သက်သေက ပြောပါတယ်။ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အတည်ပြုဖို့ မြောက်ဦး ပြည်သူ့ဆေးရုံ တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့မယ့် မရခဲ့ပါဘူး။ သတင်း - ဝဏ္ဏခွာညို

A d v e r t i s e m e n t With Us

More News
Up