သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း ကျပ်သိန်း ၃၀ ကျော်ဖိုး သိမ်းဆည်းရမိ
အောင်ကိုကိုလတ် (နေပြည်တော်)
·
January 16, 2018
သုံးစွဲဖို့ မသင့်တဲ့ အလှကုန်ပစ္စည်း ကျပ်သိန်း ၃၀ ကျော်ဖိုးကို နေပြည်တော် အလှကုန်ပစ္စည်း ဈေးကွက်အတွင်းကနေ သိမ်းဆည်းရမိခဲ့တယ်လို့ အစားအသောက်နဲ့ ဆေးဝါး ကွက်ကဲရေးဦးစီးဌာနက ပြောပါတယ်။
FDA က ဒုညွှန်ကြားရေးမှူးဒေါက်တာ ထွန်းလင်းအောင်က“ဆိုင်တစ်ဆိုင်က ၁၈ သိန်းဖိုးလောက်ရှိတယ်ဆိုတော့ အချို့ဆိုင်တွေက နည်းနည်းစီ ဆိုတော့ ကျပ် သိန်း ၃၀ ကျော်ဖိုးလောက်တော့ရှိမယ်ထင်တယ်။ မြို့မဈေး၊ သပြေကုန်းဈေး၊ ပျဉ်းမနားနဲ့ အင်ကြင်ဈေးတွေကနေ သိမ်းဆည်းရမိတာပေါ့”လို့ ပြောပါတယ်။
အဲဒီလို သုံးစွဲဖို့ မသင့်တာတွေကိုရောင်းချတဲ့ ဆိုင်ရှင်တွေကို ၀န်ခံကတိထိုးခိုင်းတာတွေနဲ့ ပစ္စည်းသိမ်းဆည်းတာတွေကိုပဲ လုပ်ဆောင်နိုင်သေးတာဖြစ်ပြီး အရေးယူနိုင်တဲ့ ဥပဒေတစ်ရပ် ပေါ်ထွက်လာဖို့လဲ လုပ်ဆောင်သွား မယ်လို့ ဒေါက်တာထွန်းလင်းအောင်က ပြောပါတယ်။
အခု သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေဟာဆိုရင် တစ်ပတ်အတွင်းမှာပဲ ရရှိခဲ့တာဖြစ်ပြီး သုံးစွဲရန်မသင့်အလှကုန်ပစ္စည်း ၂၁ မျိုးနဲ့ ပွေးဝဲဆေးကို အလှကုန်ပစ္စည်းနဲ့ တွဲစပ်ရောင်းချနေတာ ၂ မျိုးကို သိမ်းဆည်းရမိခဲ့ တာဖြစ်ပါတယ်။
မြို့မဈေးက ၄ ဆိုင်၊ သပြေကုန်းဈေးက ၂ ဆိုင်၊ ပျဉ်းမနားမြို့က ၂ ဆိုင်၊ အင်ကြင်းဈေးက ၁ ဆိုင်နဲ့ စုစုပေါင်း ၉ ဆိုင်ကနေ သုံးစွဲဖို့မသင့်တဲ့ အလှကုန်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တာလို့ FDAက ပြောပါတယ်။