Home
မြန်မာသတင်း
တဖက်နိုင်ငံထွက်ပြေးသွားသူများကို ဇန်န၀ါရီ ၂၃ရက် ပြန်လက်ခံရန် နှစ်နိုင်ငံသဘောတူ
DVB
·
January 16, 2018
  ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်န၀ါရီ ၂၃ ရက်မှာ  စတင်ဆောင်ရွက်ဖို့  နှစ်ဖက်သဘောတူညီခဲ့ကြပြီး လက်ခံရေး လုပ်ငန်းစဉ် အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်လာရင် နှစ်ဖက်ကြိုတင်ကာကွယ်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ နေပြည်တော်မှာ ဇန်န၀ါရီ ၁၅ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ် လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးလုပ်ခဲ့ပြီးနောက် မြန်မာဘက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ မြန်မာဘက်ကကနဦးပြန်လည်လက်ခံမယ့် ဟိန္ဒူ ၅၀၈ ဦးနဲ့  စိစစ်ပြီး မူဆလင် ၇၅၀ ဦး တို့ရဲ့ အချက်အလက်အပြည့်အစုံကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်သို့ ပေးအပ်ခဲ့ တယ်လို့လည်း နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေကို မြန်မာဘက်က  ကုန်းလမ်းကနေ ပြန်လည် ဝင်ရောက်လာမယ့်သူတွေကို တောင်ပြိုလက်ဝဲ ယာယီလက်ခံရေးစခန်း၊ ရေလမ်းကနေ ပြန်လည် ဝင်ရောက်လာမယ့်သူတွေကို  ငါးခူရယာယီလက်ခံရေးစခန်း၊၊ ကြားစခန်း အဖြစ် လှဖိုးခေါင် စခန်းကို အသုံးပြုဆောင်ရွက်မှာဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ကြားစခန်း (၅)ခုကို အသုံးပြုဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြန်မာဘက်ခြမ်း ယာယီလက်ခံရေးစခန်းတစ်ခုစီမှာ တပတ်ကို ၅ ရက် လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ နှစ်ဘက်အစည်းအဝေးအတွင်း ARSA အကြမ်းဖက်အဖွဲ့ရဲ့ လတ်တလော လှုပ်ရှားမှုတွေ ကို မြန်မာဘက်က အသိပေး ပြောကြားခဲ့တယ်။ ဒါ့အပြင် မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက်သို့ တရားဝင်လမ်းကြောင်းနဲ့  ပေးပို့ထားပြီး ဖြစ်တဲ့ ARSA အကြမ်းဖက်သမား ၁၀၀၀ ကျော် စာရင်းကိုလည်း ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် အဖွဲ့ သို့ ထပ်မံပေးအပ်ခဲ့ပြီး ၁၉၈၀ ပြည့်နှစ် - နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နဲ့ အညီ ပြန်လည်လွှဲပြောင်းပေးဖို့  ပြောကြားခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း ARSA အကြမ်းဖက်သမားများ က မလိုလားအပ်တဲ့ အနှောင့်အယှက် အဟန့်အတားများ ပြုလုပ်လာနိုင်တဲ့အတွက် နှစ်ဖက်ကြိုတင်ကာကွယ်သွားကြဖို့လည်း အသိပေးပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024