မြန်မာ့တောဆင်ရိုင်းများ ကယ်တင်ရန်လှုပ်ရှားမှုပြုလုပ်

1.2K
သတ်ဖြတ်ခံနေရတာကြောင့် မျိုးသုဉ်းပျောက်ကွယ်မယ့် အန္တရာယ်ရှိနေတဲ့ မြန်မာ့တောဆင်ရိုင်းတွေကို ကယ်တင်ဖို့အတွက် မိုမိုတို့အတွက် ရင်တွင်းစကားသံ voice for momos လှုပ်ရှားမှုကို တနိုင်ငံလုံးအနှံ့ပြုလုပ်နေပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက် ရွှေတောင်လုပ်ငန်းစုက ဇန်နဝါရီ ၁၆ ရက်မနက်ပိုင်းက ရန်ကုန်မြို့ Juction City မှာ ပူးပေါင်းပါဝင်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
ရွှေတောင်လုပ်ငန်းစုဟာ ရှော့ပင်းမောတွေ၊ ရုပ်ရှင်ရုံတွေ ကနေတဆင့် ဆင်ထိန်းသိမ်းရေး ပညာပေးမှုတွေဆောင်ရွက်ပြီး ဆင်ခန္ဓာကိုယ်ထွက် ပစ္စည်းတွေအသုံးမပြုဖို့အတွက် လက်မှတ်ရေးထိုးကောက်ခံမယ်လို့ ရွှေတောင်လုပ်ငန်းစု ဒါရိုက်တာ ဒေါ်ဖြူဖြူစိုးက ဒီဗွီဘီ ကို ပြောပါတယ်။
မြန်မာ့ဆင်တွေဟာ သူတို့ရဲ့ အရေပြား၊ အစွယ်များ၊ သွားများ၊ အမြီးတွေကို ရယူဖို့အတွက် အသတ်ခံနေရတာပါ။ ဆင်အရေခွံဟာ လူတွေအတွက် ဆေးဖက်ဝင်တယ်ဆိုတဲ့ အခြေအမြစ်မရှိ၊ သိပ္ပံနည်းကျမဟုတ်တဲ့အယူအဆတွေကြောင့် မြန်မာနိုင်ငံမှ မိုမိုတို့တတွေ ဆိတ်သုဉ်းသွားရမယ့် အန္တရာယ်ကျရောက်နေတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ ၁၄၀၀ နဲ့ ၂၀၀၀ ကြားသာ ကျန်ရှိပါတယ်။ မြန်မာနိုင်ငံမှာတစ်ပတ်ကို ဆင်တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရပြီး ဒီနှုန်းအတိုင်းသာ ဆက်သွားရင် ၂၀၃ဝ၊၂၀၃၅ ခုနှစ်အရောက်မှာ မြန်မာ့တောဆင်ရိုင်းတွေ ပျောက်ကွယ်သွား နိုင်ပါတယ်။