ဖိလစ်ပိုင်တွင် ပေါက်ကွဲနိုင်ချေရှိသည့် မီးတောင်အနီး နေထိုင်သူများကို ပြောင်းရွှေ့ရန်ညွှန်ကြား

ဓာတ်ပုံ - ရိုက်တာ
ဖိလစ်ပိုင်အစိုးရဟာ ပြင်းပြင်းထန်ထန် ပေါက်ကွဲနိုင်ချေရှိနေတဲ့ မာယန်မီးတောင်အနီး မြို့နှစ်မြို့က လူတွေကို အမြန်ဆုံး ပြောင်းရွှေ့ဖို့ တာဝန်ရှိသူတွေကို ဇန်နဝါရီ ၁၅ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းက အပျော်တမ်းရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း မာယန်မီးတောင်က ချော်ရည်တွေ ထွက်နေတာကို တွေ့ရပါတယ်။ မီးတောင်သဘာဝကျွမ်းကျင်သူ အကြီးအကဲတဦးက ရက်ပိုင်း ဒါမှမဟုတ် သီတင်းပတ်ကာလအတွင်းမှာ ပြင်းထန်တဲ့ မီးတောင်ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ သတိပေးခဲ့တာပါ။ အဲဒီနောက် အနီးမှာရှိနေတဲ့ သူတွေကို အမြန်ဆုံး ရွှေ့ပြောင်းဖို့ ဖိလစ်ပိုင်အစိုးရက ညွှန်ကြားခဲ့ပါတယ်။ ဇန်နဝါရီ ၁၃ ရက်နေ့မှာ မာယန်မီးတောင်က ပြာတွေ စတင်မှုတ်ထုတ်ချိန်ကစပြီး အနီးမှာရှိတဲ့ ဒေသခံ တသောင်းနှစ်ထောင်ကျော်ဟာ ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့သွားပြီးပါပြီ။ ပြည်နယ် မီးတောင်သဘာဝလေ့လာရေးဌာနက ဒီကနေ့ထုတ်ပြတဲ့ ဗွီဒီယိုဖိုင်မှာလည်း သိပ်သည်းတဲ့ မီးတောင်ပြာတွေနဲ့အတူ ချော်ရည်တွေ တောင်ခြေကို စီးကျလာတာ တွေ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up