A d v e r t i s e m e n t With Us

တရုတ်ပုဆိုးကို ယှဉ်နိုင်ရန်အတွက် ပြည်တွင်းထုတ်ပုဆိုးများ အရည်အသွေးမြှင့်တင်ရန် ကူညီမည်

ဈေးကွက်ထဲဝင်ရောက်လာနေတဲ့ တရုတ်ပုဆိုးတွေကို ယှဉ်ပြိုင်နိုင်အောင်  ပြည်တွင်းထွက်ပုဆိုးတွေရဲ့ အရည်အသွေးမြှင့်တင်ဖို့ ကူညီပေးမယ်လို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  ‎ပြောပါတယ်။‎ ဇန်နဝါရီ ၁၄ ရက်က ဝမ်းတွင်းမြို့နယ်ခန်းမမှာ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲမှာ  တရုတ်နိုင်ငံကနေ ဝင်လာတဲ့ ပုဆိုးတွေကို  ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ့ကြုံနေရတာနဲ့ ပတ်သက်ပြီးဖြေရှင်းပေးဖို့  လုပ်ငန်းရှင်တွေက အကူအညီတောင်းခံတဲ့အပေါ် ပြောကြားခဲ့တာပါ။   ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ကျနော်တို့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ‎မရှိသင့်ဘူးလား ဆိုတော့ ရှိသင့်တယ်။ အဲဒါက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO မှာ ‎သူ့အပိုင်းနဲ့သူ ရှိပြီးသားပါ။ အဲဒါထက် အရည်အသွေးမြင့်တဲ့ ပုဆိုးတွေ ထုတ်လုပ်‎စေချင်တယ်။”လို့ပြောပါတယ်။ ဒီအတွက် နည်းပညာလိုအပ်မှာဖြစ်သလို လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့ လေ့ကျင့်သင်တန်းပေးတာတွေလုပ်ဖို့လိုမယ့်လို့လည်း ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် တမာကုန်းရွာ လုပ်ငန်းရှင် ဦးကြည်အောင်က “ကျေးရွာတွေမှာ ‎ပြည်ပထွက်ပြီး အလုပ်လုပ်ကုန်လို့ အလုပ်သမား ရှားပါးလာတာ ကူညီပေးပါ။ ‎ကုန်စည်စီးဆင်းမှု ရပ်တန့်နေတယ် ယူဆတာကြောင့် လည်ပတ်နိုင်အောင် ကူညီပါ။ တရုတ်က ဝင်လာတဲ့ ပုဆိုးတွေကို ယှဉ်ပြိုင်ဖို့ ခက်တာကြောင့် ဝန်ကြီးချုပ်အနေနဲ့ ဘယ်လို ကူညီပေးနိုင်မလဲ” လို့ တင်ပြ ဆွေးနွေးပါတယ်။ ‎မြသုံးလုံး အထည်စက်ပိုင်ရှင် ကိုပြေသိန်းက “တရုတ်ပုဆိုးတွေကို ဥပဒေအရ ဘယ်လို ကာကွယ်ပေးမလဲ ဒါမှမဟုတ် ‎ယှဉ်ပြိုင်ဖို့ နည်းပညာနဲ့ အကူညီ ဘယ်လိုပေးနိုင်ပါလဲ” လို့ ဆွေးနွေးပါတယ်။ သိန်းအထည်စက်ပိုင်ရှင် ဦးသန်းမြင့်က “SME ‎ချေးငွေ ရယူရာမှာ ရုံးတွေကို မရောက်ဖူးတဲ့ ‎လုပ်ငန်းရှင်တွေအနေနဲ့ ခက်ခဲတယ်။ ငွေကြေး အတက်အကျ ရှိနေတာကိုလည်း ထိန်းပေးစေချင်တယ်” ဆိုတာ ဆွေးနွေးခဲ့‎ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ‎ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပံ့ပိုးမှုနဲ့ ဝမ်းတွင်းမြို့နယ်မှာ လျှပ်စစ်မီးဖွင့်ပွဲပြုလုပ်ကာ မြို့နယ်ခန်းမမှာ လုပ်ငန်းရှင် ၁၅၀ လောက်နဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့တာဖြစ်ပြီး ဆွေးနွေးတင်ပြသူ ၆ ဦးကို ဝန်ကြီးချုပ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ‎သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)

A d v e r t i s e m e n t With Us

More News
Up