Home
မြန်မာသတင်း
ပူတာအိုဒေသ ရှားပါးထွက်ကုန်များကို ခရီးသွားဧည့်သည်များ အကြိုက်တွေ့ ဝယ်ယူ
DVB
·
January 16, 2018
ကချင်ပြည်နယ်၊ ပူတာအိုမြို့ရဲ့ ရှားပါးဒေသ ထွက်ကုန်တွေကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည်တွေ အကြိုက်တွေ့နေကြပါတယ်။ ရှီးပတီး(ဆောင်းပိုးနွေမြက်)ဟာ ပူတာအိုဒေသ ရေခဲတောင်မှာသာ တွေ့ရတဲ့ ထူးဆန်းတဲ့ ဆေးဘက်ဝင် အကောင်တပိုင်း အပင်တပိုင်းဖြစ်သလို  ဆောင်းမှာ ပိုးကောင်ဖြစ်ပြီး နွေမှာ အပင်ပေါက်လာတဲ့ အဖိုးတန်ရတနာတပါး ဖြစ်ပါတယ်။ ရေခဲတောင်ပေါ် ရှီးပတီး အရှာထွက်သူတွေဟာ အသားငါးစားပြီး ရှာရင် မရတတ်ဘဲ အခက်အခဲ တွေ့ရတတ်ကာ သက်သတ်လွတ်စားပြီး ရှာဖွေမှသာ ရတတ်တဲ့အတွက် တခြားဒေသက လာရောက်သူတွေဟာ မပါမဖြစ် အဓိထား ဝယ်ကြတာ ဖြစ်ပါတယ်။ မိုးညှင်းမြို့မှ ဆရာဦးကျုံးတင့်က “ဒီရှီးပတီးက ပူတာအိုဒေသမှာပဲ ရှိတာ။ လာတုန်း ဝယ်သွားဦးမှ။ အပြန်လက်ဆောင်လည်း ပေးရအောင်။ တို့ဆီမှာက ဝယ်လို့လည်း မရဘူး။ ရရင်လည်း ၂ ဆ၊ ၃ ဆ ပေးရတယ်။ အသက်ရှည် နုပျိုတယ်။ အမြင်အာရုံလည်း ကောင်းတယ်။ ရှီးပတီးကို တရုတ်၊ ဂျပန်၊ ကိုးရီးယားတွေက တအားဝယ်တယ်။ တရုတ်ကဆို သိန်းဆယ်ချီ ငွေကြိုပေးပြီး ဝယ်တာ”လို့ ပြောပါတယ်။ ရှီးပတီး အကောင်သေးတကောင်ကို တထောင်ကျော်မှာ ကြီးရင် ဈေးပိုပေးရပါတယ်။ သဇင်ပန်းဥ တပိဿာကို ငါးထောင်ကျပ် ပေးရကာ ပူတာအိုဒေသထွက် ဆေးဖက်ဝင် မဂျစ်ဥ၊ တောင်ငရုတ်၊ ခန်းတောက်မြစ်၊ ဂျင်စင်းမြစ်၊ တခြားဆေးဖက်ဝင် အများအပြား ထွက်ပါတယ်။ ဆေးဖက်ဝင် သတ္တဝါတွေရဲ့ အရိုး၊ အဆီ၊ သားရေ၊ အစွယ်၊ ချိုတွေဟာလည်း ဧည့်သည်တော်တွေရဲ့အကြိုက် ဖြစ်ခဲ့ပါတယ်။ ရန်ကုန် SYCB တွဲဖက်အထွေထွေအတွင်းရေးမှူး မဆုမွန်က “ကျမတို့ ရန်ကုန်မှာ သဇင်ပန်းက အရမ်းတန်ဖိုးကြီးတယ်။ ဒီက သဇင်ပန်းဥတွေ ရန်ကုန်ပြန် ဝယ်သွားဦးမယ်။ ကြွက်သားခြောက်လည်း ကောင်းတယ်။ ဒီဒေသထွက်တွေ ရန်ကုန်ကို လက်ဆောင်ဝယ်သွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဇန်နဝါရီ ၁၆၊ ၁၇၊ ၁၈ ရက် ပူတာအိုမှာ ကျင်းပတဲ့ လီဆူရိုးရာ(ခေါ့ရှိ) နှစ်သစ်ကူးပွဲတော်နဲ့ ပူတာအို လီဆူစာပေနဲ့ယဉ်ကျေးမှုကော်မတီရဲ့ နှစ် ၆၀ ပြည့် ပွဲတော်လာ ဧည့်သည်တော်တွေ ကတော့ ရှီးပတီး၊ ဆေးဖက်ဝင်ပစ္စည်း၊ အသားခြောက်၊ ရေခဲငါးကျပ်တင်ခြောက်၊ ရိုးရာပလိုင်း၊ ရိုးရာစားစရာ၊ ရိုးရာပုတီးလည်ဆွဲ၊ ရိုးရာဝါးရေသောက်ခွက်၊ သစ်မင်းသားနဲ့ ပြုလုပ်ထားတဲ့ ပန်းအလှထိုးခွက်၊ သဇင်ပန်းဥတွေကို အလုအယက် ဝယ်ယူနေတာကို တွေ့ရပါတယ်။ သတင်း - ခင်သန်းညွန့်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024