ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံကြား ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းတွေနားမှာ အဆင့်မြင့် စတဲ့လ် အမျိုးအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ဖြတ်သန်းမောင်းနှင်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးက တရုတ်အစိုးရကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဝေဖန်လိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ တင်းမာမှုကို မီးထိုးပေးနေတယ်လို့လည်း ပြောပါတယ်။
ကျန်ခဲ့တဲ့ သီတင်းပတ်က အရှေ့တရုတ်ပင်လယ်ထဲမှာ ဒီရေငုပ်သင်္ဘောကို ဂျပန်က ထောက်လှမ်းနိုင်ခဲ့တာပါ။
ရှန်းအဆင့် ရေငုပ်သင်္ဘောဟာ မီတာ ၁၁၀ ရှည်ပြီး မော်ဒယ်နိမ့် ရေငုပ်သင်္ဘောတွေထက် ပိုရှည်သလို ပိုပြီးနက်အောင်လည်း ရေထဲငုပ်နိုင်ပါတယ်။ တော်ပီဒိုနဲ့ သင်္ဘောဖျက် ဒုံးကျည်တွေကိုလည်း တပ်ဆင်ထားတယ်လို့ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
တရုတ်ဟာ ဒေသတွင်းမှာ အထူးသဖြင့် အရှေ့တရုတ်ပင်လယ်ထဲမှာ လူမနေဘဲ ပိုင်နက်အငြင်းပွားနေတဲ့ ကျွန်းတွေပတ်လည်မှာ တင်းမာမှုတိုးအောင် လုပ်နေတယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီး အစ်ဆုနိုရိ အိုနိုဒဲရက ပြောပါတယ်။
တရုတ်သင်္ဘောတွေဟာ အရှေ့တရုတ်ပင်လယ်အစွန်းက ဂျပန်ကျွန်းတွေနားမှာ မကြာခဏ ခုတ်မောင်းလေ့ရှိတာပါ။
ဒါပေမယ့် လက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘော ရှိနေတာကို ဂျပန်တွေက ပိုပြီး အသည်းအသန်ဖြစ်တဲ့ ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ပါတယ်။
တရုတ်ဟာ စစ်အင်အားကို အနောက်ပစိဖိတ်ကိုသာမက တောင်တရုတ်ပင်လယ်ထိပါ ဖြန့်ကျက်တိုးချဲ့ပြီး ထိန်းချုပ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။