မင်းတုန်းမြို့နယ်တွင် မြေပဲနှင့် စားတော်ပဲခင်းများ ပိုးကြောင့် ပျက်စီး
DVB
·
January 16, 2018
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် မြောက်ပြင်တိုက်နယ်ထဲမှာ အချိန်အခါမဟုတ် မိုးကြောင့် မြေပဲနဲ့ စားတော်ပဲခင်းတွေ ပိုးကျ ပျက်စီးကုန်တယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။
မြေပဲခင်းပိုင်ရှင် ကိုဇော်ဝင်းက “ဒီပိုးတွေက ညမှ ထွက်တာ။ နေ့မှာ ဘယ်လိုမှ ရှာမရဘူး။ မြေကြီးခဲတွေထဲမှာ နေတာ။ ညကျမှ အပြင်ကိုထွက်ပြီး အရွက်တွေကို စားတာ။ ဒါကြောင့် ညဆို မီးတထိန်ထိန်နဲ့ ဆေးဖြန်းနေရတယ်”လို့ ပြောပါတယ်။
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူးဦးမြင့်လင်းက “သီးလုံးဖောက်ပိုးပဲ။ ငမြှောင်တောင် မျိုးနွယ်။ အမြစ်ပြတ်ဖို့ ခဲယဉ်းတယ်။ ဖလံမ တခါဥရင် ၁၅၀ လောက် အုတာ။ တဝက်ပဲ တင်ဦးပေါင်းပင်တွေ၊ ခွေးလှေးယားပင်တွေမှာ ကျန်တာပဲ။ နှင်းမကျဘဲ မိုးအီလို့ ပိုများတာ။ ကျနော်တို့ ဌာနကတော့ သိရင် အဖွဲ့လိုက်လွှတ်ပြီး ဆေးဖြန်းနည်း၊ ဆေးအမျိုးအစား စနစ်ကျအောင် ပြသပေးတယ်။ ဆေးအမျိုးအစား မှန်ဖို့ လိုတယ်။ ထိသေစားသေ အမျိုးအစားမျိုး သုံးရတာ စနစ်ကျဖို့လည်း လိုတယ်။ စနစ်မကျရင် ရှေ့နှစ်ခါ ဒီဆေးနဲ့ မသေချင်ဘူး။ သူတို့ ခုခံအားက ကောင်းလာတာပေါ့”လို့ ပြောပြပါတယ်။
ကုလားပဲစိုက်ပျိုးချိန်က မျိုးဈေး ကျပ်ငါးသောင်းကျော်၊ မြေပဲက အခွံနဲ့ သောင်းနှစ်ထောင် ပေးရပြီး ဆေးဖိုး၊ လုပ်အားခနဲ့ ပေါက်ဈေးက နှစ်သောင်း မပြည့်ပါက ရင်းစားမရနိုင်ဘူးလို့ တောင်သူအများစုက ပြောကြပါတယ်။
သတင်း - နေမှူးလူ