သီရိလင်္ကာတွင် ဒေါ်လာ ၁၀၈ သန်းခန့်တန်ဖိုးရှိ ကိုကင်း ကီလိုဂရမ် ၉၀၀ ကျော် ဖျက်ဆီး

ဓာတ်ပုံ - ရိုက်တာ
သီရိလင်္ကာ အာဏာပိုင်တွေဟာ ကိုကင်းကီလိုဂရမ် ၉၀၀ ကျော်ကို ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖျက်ဆီးလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တကြိမ်တည်းနဲ့ ပမာဏအများကြီး ဖမ်းမိခဲ့တဲ့အထဲက ကိုကင်းတွေကို ဖျက်ဆီးတာပါ။ ကိုလံဘိုမြို့တော်က ဘိလပ်မြေကုမ္ပဏီတခုပိုင် အဆောက်အအုံမှာ ကျင်းပတဲ့ ကိုကင်းဖျက်ဆီးတဲ့ အခမ်းအနားကို သီရိလင်္ကာသမ္မတ မိုင်သရီပါလာ သီရိသေနနဲ့ တခြားအရာရှိတွေ တက်ရောက်ပါတယ်။ ရဲအရာရှိတွေဟာ ဘိလပ်မြေဖိုကြီးထဲမှာ ကိုကင်းတွေကို ရေရောပြီးမထည့်ခင် ထုပ်ထားတဲ့ ကိုကင်းအိတ် ၃၀ ကျော်ကို စစ်ဆေးခဲ့ပါတယ်။ အရည်လုပ်ထားတဲ့ ကိုကင်းတွေကို မြို့တော်အပြင်ဘက်က ဘိလပ်မြေဖိုကို သယ်ပြီး အပူချိန် ၂၀၀၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ မီးရှို့ဖျက်ဆီးမှာပါ။ အခုနည်းလမ်းဟာ မူးယစ်ဆေးဝါးတွေကို ဖျက်ဆီးဖို့ ဘေးအကင်းဆုံးနည်းလမ်း ဖြစ်တယ်လို့ အင်စီ ဘိလပ်မြေရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ အခုဖျက်ဆီးလိုက်တဲ့ ကိုကင်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၀၈ သန်းနီးပါး ရှိတယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up