ကလေးဝ-မင်းကင်းလမ်းတွင် ပါဂျဲရိုးကား ၁ စီး လမ်းဘေး ချောက်ထဲ ထိုးကျ
DVB
·
January 16, 2018
ကလေးဝ-မင်းကင်း ကားလမ်း မိုင်တိုင်အမှတ် ၇၆/၇၇ ကြားမှာ ဇန်နဝါရီ ၁၅ ရက်က ပါဂျဲရိုးအမျိုးအစား ယာဉ်ငယ်တစီး လမ်းဘေးချောက်ထဲ ပြုတ်ကျခဲ့ပါတယ်။
“ကားက ချောက်ထဲ ပြုတ်ကျတာ ပေ ၁၅၀ လောက် ရောက်သွားတယ်။ အဲဒီကားထဲက အမျိုးသမီးတဦးတော့ တော်တော်နာသွားတယ်”လို့ လမ်းကြုံပြီးဝင်ကူညီခဲ့သူတဦးက ပြောပါတယ်။
ကားပေါ်မှာ ယာဉ်မောင်းအမျိုးသားတဦးနဲ့ လမ်းကြုံလိုက်သူ အမျိုးသမီး သားအမိ နှစ်ဦးတို့ ပါဝင်ပြီး ကားရှေ့ဘီးပေါက်ပြီး လမ်းယာဘက် ချောက်ထဲကို ပြုတ်ကျ တိမ်းမှောက်ခဲ့တာပဲ ဖြစ်ပါတယ်။
ချောက်ထဲ မတော်တဆ ပြုတ်ကျခဲ့တဲ့ ကားဟာ ကလေးဝမြို့ကနေ မင်းကင်းမြို့ကို ခရီးနှင်လာတဲ့ ကားဖြစ်ပြီး အသက် ၄၅ နှစ်အရွယ် ဦးမြင့်ဆွေ ဆိုသူ မောင်းနှင်လာတာပဲ ဖြစ်ပါတယ်။
လမ်းကြုံ လိုက်ပါလာသူတွေကတော့ မင်းကင်းနယ် မြို့မရွာက မိခင်ဖြစ်သူ ဒေါ်စန်းစန်းမြင့်နဲ့ ၃ နှစ်အရွယ် သမီးဖြစ်သူ မရွှန်းလဲ့ဟန်သာတို့ဖြစ်ပြီး ဒေါ်စန်းစန်းမြင့် တဦးတည်းသာ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
“ဒေါ်စန်းစန်းမြင်က ခါးနာကျင်ဒဏ်ရာ ဝဲဘက်ခြေထောက် ပွန်းပဲ့ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ သမီးဖြစ်တဲ့ ၃ နှစ်သမီးလေးက ညာဘက်ပါးပွန်းပဲ့ဒဏ်ရာနဲ့ ညာဘက်မေးပွန်းပဲ့ဒဏ်ရာရ နည်းနည်းပဲ ရခဲ့တယ်။ ယာဉ်မောင်းကတော့ ဒဏ်ရာရရှိခဲ့တာ မရှိဘူး” လို့ မင်းကင်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတဦးက ဆိုပါတယ်။
ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးမြင့်ဆွေကို မင်းကင်းမြို့မရဲစခန်းက (ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း - မင်းရဲစစ်နိုင်