A d v e r t i s e m e n t With Us

မြန်မာ-လာအို နှစ်နိုင်ငံ လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်

  မြန်မာ-လာအို နှစ်နိုင်ငံအကြား လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတရပ်ကို ဇန်န၀ါရီ ၁၅ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လျှပ်စစ်ကဏ္ဍအပါအဝင် ကဏ္ဍ ၃ ခုမှာ ပူးပေါင်းလုပ်ဆောင်ဖို့ နှစ်နိုင်ငံ သဘောတူခဲ့ကြတာ ဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံအကြား  လျှပ်စစ်စွမ်းအားကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကဏ္ဍနဲ့ အဂတိလိုက်စားမှု ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးကဏ္ဍတို့မှာ ပူးပေါင်းလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာဆိုင်ရာ စီမံကိန်းရေးဆွဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည် ပြည့်ဖြိုးမြဲနှင့် ဇီဝဒြပ်ထု စွမ်းအင်နှင့် ဇီဝလောင်စာ၊ ဆန်းသစ်သောဒြပ်ပစ္စည်းသိပ္ပံနှင့်နည်းပညာ၊ စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာ၊ မျိုးရိုးဗီဇဆိုင်ရာ အရင်းအမြစ်များ၊ ဂေဟဗေဒနှင့် ဇီဝနည်းပညာ၊ စံချိန်စံညွှန်းနှင့် တိကျတိုင်းတာနည်းပညာ၊ သတင်းအချက်အလက်နည်းပညာ၊ အပြန်အလှန် သဘောတူညီတဲ့ အခြားပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များနဲ့ အလှအပရေးရာ သိပ္ပံနဲ့နည်းပညာ ကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။ ဒါပေမယ့် လျှပ်စစ်စွမ်းအားကဏ္ဍမှာ ဘယ်လို ပူးပေါင်းလုပ်ဆောင်မယ်ဆိုတာကို အစိုးရ သတင်းမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိပါဘူး။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲ တခုမှာတော့ ဌာနတာဝန်ရှိသူတဦးက လာအိုနိုင်ငံက လျှပ်စစ် ဝယ်ယူသုံးစွဲမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။ ဇန်နဝါရီ ၁၅ရက်မှာ ပြန်လည်စတင်ကျင်းပခဲ့တဲ့ ပြည်သူ့လွှတ်တော်ထဲမှာလည်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လာမယ့် ၄ နှစ်တာ ကာလအတွက် လျှပ်စစ်မီး ဖူလုံအောင် စီမံလုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။ ဒ့ါအပြင် နိုင်ငံတကာနဲ့ ဒေသတွင်း အဖွဲ့အစည်းများမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အပြန်အလှန် ထောက်ခံကူညီကြဖို့ ဇန်န၀ါရီ ၁၅ ရက်က နိုင်ငံတော်သမ္မတဦးထင်ကျော်နဲ့  လာအိုဝန်ကြီးချုပ် ထောင်လွန်းဆီဆုလစ်တို့ တွေ့ဆုံမှု အတွင်း ဆွေးနွေးခဲ့ကြပါတယ်။ နှစ်ဘက်တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံ ဒေသတွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ အာဆီယံအဖွဲ့ အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြတယ်။ ဒါ့အပြင် နိုင်ငံတကာနဲ့ဒေသတွင်း အဖွဲ့အစည်းများမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် ထောက်ခံကူညီရေး၊ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးကဏ္ဍများမှာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများနဲ့ စပ်လျဉ်းပြီး အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့ သမ္မတရုံးသတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up