ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ လက်ကျန်ပွဲစဉ်အဖြစ် မန်ယူနဲ့ စတုတ်တို့ မနေ့ညက ယှဉ်ပြိုင်ရာ မန်ယူက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
မန်ယူဟာ တိုက်စစ်မှူး လူကာကူကို အထောင်ထားပြီး ကွင်းလယ်မှာ မာတာ၊ မာရှယ်၊ လင်ဂတ်၊ ပေါ့ဂ်ဘာ၊ မာတစ်၊ နောက်တန်းမှာ ဗလင်စီယာ၊ ဖီးလ်ဂျုံးစ်၊ စမောလင်း၊ လုခ်ရှောနဲ့ ဂိုသမားအဖြစ် ဒီဂီယာတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
စတုတ်ကလည်း ပီတာခရော့ခ်ျ၊ ရှာကီရီ၊ အိုင်ယာလန်၊ အလန်၊ ဖလက်ချာ၊ ဇူးမား စတဲ့ အဓိက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။
ဒီနေ့ပွဲမှာ အိမ်ရှင်မန်ယူက ဘောလုံးပိုင်ဆိုင်မှုရော ဂိုးကန်သွင်းခွင့်မှာပါ အသာစီးရခဲ့ပြီး အထူးသဖြင့် ကွင်းလယ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကြောင့် ကစားကွက်ပိုင်းမှာ မန်ယူ အသာစီးရခဲ့ပါတယ်။
မန်ယူအတွက် အဖွင့်ဂိုးကို ပွဲအစ ၉ မိနစ်မှာပဲ အသင်းခေါင်းဆောင် ဗလင်စီယာက လှလှပပ ကန်သွင်းပြီးရယူပေးခဲ့သလို ပွဲချိန် ၃၈ မိနစ်မှာ မာရှယ်နဲ့ ၇၂ မိနစ်မှာ တိုက်စစ်မှူး လူကာကူတို့က အနိုင်ဂိုးတွေ အသီးသီး ရယူပေးခဲ့ပါတယ်။
ဒီနောက် မန်ယူက ဘောလုံးကို ထိန်းကစားပြီး ပွဲအပြီးမှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားသမားအဖြစ် မန်ယူကွင်းလယ်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကို ရွေးချယ်ခဲ့ပါတယ်။
ဒီပွဲနိုင်တဲ့ မန်ယူက ရမှတ် ၅၀ နဲ့ အမှတ်ပေးဇယား ပထမနေရာက မန်စီးတီးနဲ့ ၁၂ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး စတုတ်ကတော့ ရမှတ် ၂၀ နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရှိနေပါတယ်။