Home
မြန်မာသတင်း
တရုတ်ကုမ္ပဏီပိုင် ကျောက်ကြိတ်စက်က ကျောက်မှုန့်များ ကျန်းမာရေးအတွက် စိုးရိမ်
DVB
·
January 15, 2018
ကရင်ပြည်နယ် ဘားအံမြို့နယ်  လွန်းညကျောက်တောင်ကနေ ကျောက်ထုတ်ယူနေတဲ့ တရုတ်ကုမ္ပဏီပိုင် ကျောက်ကြိတ်စက်ကို ပိတ်သိမ်းပေးဖို့နဲ့ ထွက်ရှိလာတဲ့ ကျောက်မှုန့်၊ ဖုန်မှုန့်တွေကြောင့် ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ကုမ္ပဏီ လာရောက်ကျောက်ထုတ်လုပ်ကိုင်တဲ့ နောက်ပိုင်း ဒေသခံပြည်သူတွေ စိတ်ချမ်းသာမှုတွေ၊ ကျန်းမာမှုတွေလည်း မရှိတော့ဘူးလို့ လွန်းညစံပြကျေးရွာ ဂေါပက ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က ပြောပါတယ်။ “ကျနော်တို့ နိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာရှိတယ်။ အဲဒီ ဥပဒေကို စာအုပ်ထဲမှာပဲ ထားရမလား။ ကျနော်တို့ နိုင်ငံသားတိုင်း ပုဂ္ဂိုလ်တွေက ကျင့်သုံးရမလားဆို တာကို မေးချင်တယ်။ ဒါကြောင့်မို့လို့ ဒီလယ်ကော ကျနော် တို့ သဘာဝထိန်းသိမ်းရေး တောင်တွေကော ကောင်းစေချင်တယ်။ မပျက်မစီးဘဲနဲ့ သဘာဝအတိုင်း ရှိစေချင်တယ်”လို့ ပြောပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းအောင် ခြံ​မြေကို လမ်းဖောက်လုပ်ခွင့် ခွင့်ပြုပေးခဲ့ပေမယ့် ကျောက်ထုတ်ယူမယ့် အကြံအစည်ရှိမှန်း မသိသလို၊ ကျောက်ထုတ်လုပ်မှုကြောင့် ကျန်းမာရေး တွေလည်း ထိခိုက်လာတယ်လို့ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာမှာ ရော်ဘာစိုက်ပျိုး တဲ့ ဒေါ်နန်းဝင်းတင် က ပြောပါတယ်။ “တရုတ်ကို ခေါ်ပြီးတော့ ရွာသူရွာသားတွေကို ဘာမှ အကျိုးအကြောင်းမပြောဘဲ မတိုင်ပင်ဘဲနဲ့ သူတို့ဘာသာ သူတို့ တည်ထောင်တဲ့ဟာ ဖြစ်တဲ့အတွက်ကြောင့် အမိုးတို့က အဲဒါကို ကန့်ကွက်တယ်။ ကျောက်ထုတ်လုပ်မှုလည်း ရပ်ဆိုင်းခိုင်းတယ်။ ဖုန်တွေ ပေါလာတယ်။ ပြီးတော့ မိုင်းဖောက်တဲ့အတွက်ကြောင့် ကျန်းမာရေးတွေလည်း ထိခိုက်တယ်။ ဖုန်မှုန့်တွေ ကျောက်မှုန့်တွေ တအားပဲ ထွက်တယ်လေ”လို့ ပြောပါ တယ်။ အိန္ဒု-ကော့ကရိတ်လမ်းပိုင်းမှာ လိုအပ်တဲ့ ကျောက်ကွာလီတီကို လွန်းညတောင်ကပဲ ရရှိတာဖြစ်ပြီး လက်ရှိလုပ်ငန်းကလည်း ပြည်နယ်နဲ့ နိုင်ငံအတွက် ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် လိုအပ်ချက်တွေကို ပူးပေါင်းလုပ်ဆောင်သွားချင်တယ်လို့ ကျောက်ထုတ်တာဝန်ခံ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးရေးနှင့် ကွပ်ကဲရေးအဖွဲ့ ဗိုလ်ကြီးဇော်လင်းက ပြောပါတယ်။ “ကျနော်က ဖြစ်နိုင်ရင် အခက်အခဲတွေ မဖြစ်စေချင်ဘူး။ ဒီလမ်းကြီးကို ချောချောမွေ့မွေ့နဲ့ အဆင်ပြေအောင် ကျနော်တို့ တတ်နိုင်သလောက် ၀ိုင်းပြီးတော့ ဒီအခုဖြစ်နေတဲ့ လယ်ယာ လုပ်ငန်းရှင်တွေနဲ့လည်း ကျနော်တို့ ပူးပေါင်းပြီး ဆောင်ရွက်ပေးမယ်။ သူတို့ရဲ့လိုအပ်ချက်လည်း ကျနော်တို့ကို ပြော။ ကျန်ာတို့ လိုအပ်ချက်လည်း သူတို့ကို ပြောပြီးတော့ ကျနော်တို့ သွားစေချင်တယ်”လို့ ပြောပါတယ်။ ကျောက်ကြိတ်စက်က ထွက်လာတဲ့ ကျောက်အမှုန့်နဲ့ ကျောက်သယ်ယာဉ်တွေကြောင့် ဒေသခံ ရွာသူရွာသားနဲ့ စာသင်ကြားနေတဲ့ ကလေးငယ်တွေ ကျန်းမာရေးအတွက် အရမ်းကို စိုးရိမ်ရတယ်လို့ ဘားအံမြို့နယ်၊ လွန်းညစံပြကျေးရွာအုပ်စု၊ ကမော့ပိုကျေးရွာ၊ ဒေသခံ ကိုအောင်ကျော်မြင့်က ပြောပါ တယ်။ “ကျောက်ကားတွေ သွားလာနေတဲ့လမ်းက ကျနော်တို့ ရွာမှာရှိတဲ့ ကလေးတွေ ကျောင်းတက်တဲ့အခါကျရင် လမ်းလည်းပျက်စီးတယ် အဲလိုမျိုး။ အဲဒီကျောက်မှုန့် ကျောက်ငွေ့တွေ က ရွာသူရွာသားတွေတောင်မကဘူး အဲလိုမျိုး ထိတာလေ။ ကလေးငယ်တွေက အစ ဒီမှာ စာသင်ကျောင်းနဲ့ နီးတယ်ဆိုတော့ ကျန်းမာရေးအတွက် ကျနော်တို့ အရမ်းကို စိုးရိမ်ရတယ်”လို့ ပြောပါတယ်။ အာရှလမ်းသစ်စီမံကိန်းအတွက် ချစ်လင်းမြိုင်ကုမ္ပဏီက တရားဝင်လိုင်စင်နဲ့ ကျောက်ထုတ်ယူ လုပ်ကိုင်ခွင့်ရရှိထားပြီး လွန်ညစံပြကျေးရွာ ကျောက်တောင်ကနေ ကျောက်ကျင်း ပေါင်း ၁ သိန်း ၃ သောင်း ကို ၃ နှစ်အတွင်း ထုတ်ယူမှာ ဖြစ်သလို ထွက်ရှိလာတဲ့ ကျောက်တွေကို ကျောက်တောင်အနီး မြေ ၅ ဒသမ ၅ ဧကအပေါ်မှာ တရုတ်ကုမ္ပဏီပိုင် ကျောက်ခွဲ စက်ကြီးတွေနဲ့ ကြိတ်ခွဲပြီး စုပုံထားတဲ့ ကျောက်မှုန့်တွေကို ကျောက်သယ်ယာဉ်ကြီးတွေနဲ့ သယ်ယူနေတာပါ။ နိုဝင်ဘာ ၂၃ ရက်က ပတ်ဝန်းကျင်ကျေးရွာ ၇ ရွာက ရွာသား ၉၀၀ ကျော်ခန့်က ကျောက်ထုတ်ယူ​နေတဲ့အပေါ် စုပေါင်းလက်မှတ်ရေးထိုး ကန့်ကွက်စာကို ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားပါတယ်။ ဒါပေမယ့် ညှိနှိုင်းဖြေရှင်းပေးတာ မရှိတဲ့အတွက် ဒေသခံတွေက တရုတ်ကုမ္ပဏီပိုင် ကျောက်သယ်ယာဉ်တွေကို မသွားနိုင်အောင် လယ်ယာလမ်းမှာ ကျောက်တိုင်စိုက် ပိတ်ဆို့ တားဆီးတာတွေ လုပ်ခဲ့တဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ကွင်းဆင်း စစ်ဆေးမေးမြန်းခဲ့ပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024