ပါကစ္စတန်အစိုးရက နိုင်ငံပိုင်လေကြောင်းလိုင်းကို ပုဂ္ဂလိကလက် လွှဲပြောင်းရန် ကြိုးစား

1.2K
ပါကစ္စတန် အစိုးရဟာ နိုင်ငံပိုင် လေကြောင်းလိုင်းကို ဒီနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ပုဂ္ဂလိကလက်ကို လွှဲပြောင်းပေးဖို့ ကြိုးစားမယ်လို့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒါနီယယ်အဇစ်က ပြောလိုက်ပါတယ်။
လက်ရှိအာဏာရအစိုးရဟာ အစိုးရက လည်ပတ်လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ရောင်းချမှုပြန်စဖို့ ကြိုးစားနေပါတယ်။
ပါကစ္စတန် နိုင်ငံတကာ လေကြောင်းလိုင်း (PIA) ဟာ ပင်လယ်ကွေ့အခြေစိုက် ပြိုင်ဘက်တွေဖြစ်တဲ့ အီတီဟဒ်နဲ့ အမ်းမရိတ် လေကြောင်းလိုင်းတွေကို မယှဉ်နိုင်ဘဲ ဈေးကွက်ဝေစု ဆုံးရှုံးနေတာပါ။
လတ်တလော နှစ်တွေအတွင်း စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ခဲ့ရသလို လူ ၄၇ ယောက် သေဆုံးခဲ့ရတဲ့ ၂၀၁၆ လေယာဉ်ပျက်ကျမှုကိုလည်း ဖြေရှင်းခဲ့ရပါတယ်။
အရှုံးပေါ်နေတဲ့ လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပေးမှုဟာ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝပ်ဇ် (PML-N) ပါတီအတွက် အဓိက ထိပ်တန်းဦးစားပေးပါ။
ဒီပါတီဟာ ၂၀၁၃ မှာ အာဏာရခဲ့ပါတယ်။ အစိုးရဟာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇ ဘီလျံဖိုးရှိတဲ့ နိုင်ငံပိုင်ကုမ္ပဏီ ၆၈ ခုကို ပုဂ္ဂလိကလက်ထဲ လွှဲဖို့ လျာထားပြီးပါပြီ။
အစောပိုင်းမှာ အောင်မြင်မှုတွေ ရှိပေမယ့် ဝန်ထမ်းတွေ ဆန္ဒပြလို့ လုပ်ငန်းစဉ်ဟာ ၂၀၁၆ မှာ ရပ်ခဲ့တာပါ။
အစိုးရကလည်း လေကြောင်းလိုင်းကို ပုဂ္ဂလိကလက်ထဲ လွှဲပေးဖို့ မဖြစ်နိုင်အောင် ထိရောက်တဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
ဒါပေမယ့် ပုဂ္ဂလိကလွှဲပြောင်းရေး ကော်မရှင်ဥက္ကဋ္ဌ အဇစ်က “လေကြောင်းလိုင်းကို ရောင်းဖို့ စီမံကိန်းအသစ်တွေ ရေးဆွဲထားတယ်။ ဝန်ကြီးချုပ် ရှဟိဒ်ခါကံအဘာစီ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ပုဂ္ဂလိကပိုင်ပြုရေး အစိုးရကော်မတီကို အဆိုပြုမယ်” လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။