A d v e r t i s e m e n t With Us

နတ်မောက်မြို့နယ်တွင် ၄ကောင်ဂျင် လောင်းကစားဝိုင်းများကို ဝင်ရောက်ဖမ်းဆီး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ သားမျှားမြောက်ရွာအနီး ပန်းတော ကန်ကွင်းထဲက သရက်ပင်အောက်မှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကို မကွေးခရိုင် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၀ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ နတ်မောက် မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ကျော်စိုးက ပြောပါတယ်။ မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အေးမင်းထွန်း ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နတ်မောက်မြို့နယ်၊ သားမျှားရဲကင်းစခန်းမှ ရဲကင်းမှူး ရဲတပ်ကြပ်ကြီး မြင့်မောင်ကြည် အပါအဝင် တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး အရပ်ဘက်သက်သေအချို့ကို ခေါ်ယူပြီး ဝင်ရောက်စီးနင်းခဲ့တာပါ။ လောင်းကစားသမားတချို့မှာ ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်နေ အသက် ၄၈ နှစ်အရွယ် ထွန်းသိန်းနဲ့ ကျော်စိန်တို့ကို ကြွေတိုက်ပန်းကန်ပြားထဲမှာ ကြက်၊ ဖား၊ မြွေ၊ ဝက် အရုပ်တွေပါ ဂျင်သီးလှည့်ကာ အနီရောင်ယွန်းအုပ်နဲ့ အုပ်ပြီး လောင်းကြေးငွေတွေ ရယူ လောင်းကစားနေချိန်မှာ ဖမ်းဆီးရမိခဲ့တာလို့ ရဲစခန်းကသိရပါတယ်။ လောင်းကစားဝိုင်းကနေ  သံသေတ္တာထဲမှာ ထည့်ထားတဲ့ လောင်းကြေးငွေ ၃၁၁၀၀၀ ကျပ်ကို သိမ်းဆည်းရမိခဲ့တဲ့အပြင် ထွန်းသိန်းရဲ့ အိတ်ကပ်ထဲက ငွေစက္ကူ ၁၄၀၀ ကျပ်နဲ့ ဟန်းဖုန်းတလုံး၊ သားမျှားမြောက်ရွာနေ အသက် ၂၄ နှစ်အရွယ် သန်းလှိုင်ကိုလည်း လေးကောင်ဂျင်ဝိုင်း လောင်းကစားလုပ်နေချိန်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ လောင်းကစားဝိုင်းနားက ဆိုင်ကယ် ၇ စီး၊ ကြက်ဝိုင်းက တိုက်ကြက်ဖ ၂ ကောင်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အဆိုပါလောင်းကစားဝိုင်းမှ သိမ်းယူရရှိတဲ့ ပစ္စည်းတွေကို သက်သေတွေရဲ့ ရှေ့မှောက်မှာ စစ်ဆေးသိမ်းဆည်းခဲ့ကာ လောင်းကစားဥပဒေပုဒ်မ ၁၂(က) နဲ့ စစ်ဆေး ဆောင်ရွက်နေတယ်လို့ နတ်မောက်မြို့နယ် မြို့မရဲစခန်းက သိရပါတယ်။ သတင်း - ပေါ်ဦး

A d v e r t i s e m e n t With Us

More News
Up