လမ်းဖြတ်ကူးသည့် ၅ နှစ်အရွယ်ကလေးငယ် ကားတိုက်မိ၍ သေဆုံး
DVB
·
January 15, 2018
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ငါးနှစ်အရွယ်ကလေးငယ်တဦး ဇန်နဝါရီ ၁၄ ရက်က လမ်းဖြတ်ကူးရာမှ ယာဉ်တိုက်မိတာကြောင့် သေဆုံးခဲ့တယ်လို့ နယ်မြေစခန်းမှူးက ပြောပါတယ်။
ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၆/၃ အနီး ထော်နွတ်ကျေးရွာနားမှာ ရန်ကုန်ကနေ မန္တလေးကို ယာဉ်မောင်း နိုင်ထွန်းလင်း မောင်းနှင်လာတဲ့ PROBOX ကားဟာ လမ်းဖြတ်ကူးလာတဲ့ မအိသန္တာအောင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိုက်မှုကြောင့် လမ်းဖြတ်ကူးသူ မအိသန္တာအောင်မှာ ဝဲဘက်ဂျိုစောင်းဖူးရောင်၊ ဝမ်းဗိုက်နဲ့ ရင်ဘက်ပွန်းခြစ်ဒဏ်ရာ နားနှာခေါင်းတွေက သွေးထွက်ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ် နေရာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
ပိန်းဇလုတ်မြို့နယ်မြေစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းက “ထော်နွတ်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကလေးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ တရားခံကိုလည်း ဖမ်းဆီးထားပါတယ်။ ဒီနေ့ရမန်ယူမှာပါ” လို့ ပြောပါတယ်။
ပိန်းဇလုတ်နယ်မြေရဲစခန်းက လူသေစေလောက်သည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်သူ နိုင်လင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်