ကယားပြည်နယ်ရှိ တိုင်းရင်းသားများ ငြိမ်းချမ်းရေးတွင် ပူးပေါင်းပါဝင်ကြရန် သမ္မတ တိုက်တွန်း

ကယားပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင်ကြဖို့ သမ္မတဦးထင်ကျော်က တိုက်တွန်းပြောဆို လိုက်ပါတယ်။
ဇန်န၀ါရီ ၁၅ ရက်နေ့မှာကျရောက်တဲ့ ၆၆ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ပေးပို့တဲ့ သမ္မတရဲ့သ၀ဏ်လွှာမှာ ဖော်ပြပြောဆိုလိုက်တာဖြစ်ပြီး ပြည်နယ်အတွက် နံပတ်တစ် ဦးစားပေးဟာ ငြိမ်းချမ်းရေးပဲဖြစ်တယ်လိုလည်း သမ္မတ က ပြောပါတယ်။
ဒါ့အပြင် သမ္မတက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာမှာ တိုင်းရင်းသား အားလုံး စိတ်တူကိုယ်တူ တန်းတူရည်တူ ပါဝင်ဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပူးပေါင်းပါဝင် လုပ်ဆောင်လာတာတဲ့အမျှ ပြည်နယ်ဟာ အခွင့်အလမ်းသစ်တွေ တိုးတက်ရရှိလာပြီး ငြိမ်းချမ်းရေး အသီးအပွင့်တွေကို အလျင်အမြန် ရရှိခံစားကြရမယ်။
ကယားမှာ သာယာလှပပြီး နုပျိုလတ်ဆတ်တဲ့ သဘာဝပတ်ဝန်းကျင်တွေ ရှိနေတာကြောင့် သဘာဝအခြေခံခရီးသွားလုပ်ငန်းအတွက် အလားအလာ အင်မတန်ကောင်းတယ်လို့လည်း သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။
ကယားတိုင်းရင်းသားညီအကို မောင်နှမများအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ၊ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့မှာ စုစည်းညီညွတ်တဲ့ စွမ်းပကားနဲ့ ပူးပေါင်းပါဝင် လုပ်ဆောင်ကြဖို့လည်း သမ္မတက တိုက်တွန်းနှိုးဆော်ပါတယ်။